မော်စကို ရင်ပြင်နီချီတက်ပွဲ စစ်ရေးပြအခမ်းအနားမှာ မြန်မာစစ်တပ် ပါဝင်မယ်
- BVJ
- Apr 24
- 1 min read
ဥရောပအောင်ပွဲနေ့တက်ရောက်ဖို့ အီးယူခေါင်းဆောင်တွေကို ယူကရိန်းဖိတ်ကြား
BVJ/အိုင်းရစ် _ ဧပြီ ၂၄ ၊ ၂၀၂၅

၁၉၄၅ ခုနှစ် မေလ ၈ ရက်က ဂျာမနီတို့ အပြည့်အဝလက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ခဲ့တဲ့ “ဥရောပအောင်ပွဲနေ့” (Victory in Europe) နှစ် ၈၀ ပြည့် အခမ်းအနားကိုကို ဥရောပနိုင်ငံတွေက ကျင်းပဖို့ ပြင်ဆင်နေပြီး ရုရှားနိုင်ငံမှာလည်း လာမယ့်မေလ ၉ ရက်နေ့မှာ “မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့”အဖြစ် ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီမှာပြုလုပ်မယ့် နှစ် ၈၀ ပြည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားမှာ ပူးပေါင်းပါဝင်စစ်ရေးပြဖို့အတွက် စစ်ကောင်စီတပ်ကိုယ်စားပြု ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ကိုယ်စားလှယ်တွေ ရုရှားနိုင်ငံကို မနေ့ ဧပြီ ၂၃ ရက်က ထွက်ခွာသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
နှစ် ၈၀ ပြည့် ရင်ပြင်နီစစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မော်စကိုက ဖိတ်ကြားထားတယ်လို့ သတင်းများထွက်ပေါ်နေပေမဲ့ စစ်ကောင်စီဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒုတိယကမ္ဘာစစ်အတွင်း ရုရှားအပါအဝင် မဟာမိတ်နိုင်ငံတွေက နာဇီဂျာမနီတို့ကို အနိုင်တိုက်နိုင်ခဲ့တာကြောင့် ၁၉၄၅ ခုနှစ် မေလ ၈ ရက် ည ၁၁ နာရီ ၁ မိနစ် (ရုရှားအချိန် မေလ ၉ ရက် ည ၁၂ နာရီ ၁ မိနစ်) မှာ နာဇီဂျာမနီတို့ အပြည့်အဝ လက်နက်ချခဲ့တာလည်း ဖြစ်ပါတယ်။
ဂျာမနီမှာ ပြုလုပ်မယ့် နှစ် ၈၀ ပြည့် ဥရောပအောင်ပွဲနေ့အခမ်းအနားတက်ရောက်ဖို့ မဟာမိတ်နိုင်ငံတွေက သံတမန်တွေကို ဖိတ်ကြားမှာဖြစ်ပေမဲ့ ရုရှားနဲ့ ဘီလာရုဇ်ကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ ဂျာနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နဲ့ ဂျာမနီ ပါလီမန် ပြောရေးဆိုခွင့်ရှိသူတို့က ပြောကြားထားကြောင့် The Guardian သတင်းစာက ဖော်ပြထားပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကိုခံနေရတဲ့ ယူကရိန်းကလည်း ဥရောပအောင်ပွဲနေ့အခမ်းအနားကို ကိဗ်မြို့မှာ ကျင်းပဖို့ပြင်ဆင်နေပြီး ဥရောပခေါင်းဆောင်တွေကိုလည်း တက်ရောက်ဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က ဖိတ်ကြားထားတယ်လို့ ယူကရိန်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
မော်စကို ရင်ပြင်နီမှာ ပြုလုပ်မယ့် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ တရုတ်၊ အစ္စရေး၊ ဘရာဇီးလ်၊ ဆလိုဗက်ကီးယားနဲ့ ဆာဘီးယားနိုင်ငံခေါင်းဆောင်တွေကိုလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖိတ်ကြားထားတယ်လို့ ရုရှားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ရင်ပြင်နီချီတက်ပွဲမှာ ပူးပေါင်းပါဝင်မယ့် စစ်ကောင်စီစစ်တပ်ဟာ ရုရှားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်းတွေနဲ့ နည်းပညာအထောက်အပံ့ ရရှိနေသလို ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ခေါင်းဆောင် မော်စကိုကို သွားရောက်ခဲ့ချိန် မြန်မာနိုင်ငံတွင်း နျူကလီးယားစွမ်းအင် လည်ပတ်နိုင်ဖို့ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့တာတွေလည်း ရှိပါတယ်။
Commentaires