မိုင်းရှူးမြို့နယ်က ကျားဖြန့်ဂိုဏ်းတစ်ခု SSPP တပ်ဖွဲ့ ဖမ်းဆီး
- BVJ

- Mar 24, 2025
- 1 min read
BVJ/ထက်အောင် _ မတ် ၂၄ ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်က အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတစ်ခု ကို ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသားအချို့နဲ့ ကျားဖြန့်သုံးစက်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
မိုင်းရှူးမြို့နယ် တောတွင်းတစ်နေရာမှာ ကျားဖြန့်ဂိုဏ်းတစ်ခု ရောက်ရှိနေတယ်လို့ SSPP/SSA က သတင်းရရှိခဲ့ပြီးနောက် မနေ့ မတ်လ ၂၃ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ SSPP/SSA ရဲ့ ဖမ်းဆီးမှုအတွင်း ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဖုန်းမျိုးစုံ၊ iPad နဲ့ ကွန်ပျူတာမျိုးစုံကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကျားဖြန့်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးချိန် ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားအရေအတွက်ကို SSPP/ SSA က ဖော်ပြထားခြင်းမရှိပါဘူး။ ဖမ်းဆီးရမိသူတွေကို တရုတ်အစိုးရထံ ပြန်လည် လွှဲပြောင်းပေး သွားမယ်လို့သိရသလို ဖြစ်စဉ်အခြေအနေနဲ့ပတ်သက်ပြီး Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
SSPP/SSA ထိန်းချုပ်ဒေသ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျားဖြန့်ဂိုဏ်းတွေကို အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ဝင်ရောက်နေထိုင် ခိုလှုံခွင့်မပြုဘူးလို့ ၂၀၂၄ မေလ ၁၃ ရက်က SSPP/SSA ကိုယ်စား ဒုဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်းက ထုတ်ပြန်ထားပါတယ်။
ကျားဖြန့်လုပ်ကိုင်သူတွေကို လက်ခံထားပါက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရမယ်လို့ ဖော်ပြထားပြီး ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေကို တွေ့ရှိပါကလည်း တရုတ်အစိုးရထံ လွှဲပြောင်းပေးသွားမယ်လို့ ဖော်ပြထားပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ကာလအတွင်း ကိုးကန့်ဒေသအတွင်း ဖမ်းဆီးရမိတဲ့ ကျားဖြန့်ဂိုဏ်းက တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရထံ MNDAA က လွှဲပြောင်းပေးမှုတွေ ရှိခဲ့ပါတယ်။












Comments