မြင်းမူမြို့ ရွှေဆိုင်ဓားပြတိုက်လာတဲ့သူ ၄ ဦးကို PDF တပ်ဖွဲ့ ဖမ်းဆီးရမိ
- BVJ
- May 4
- 1 min read
BVJ/အိုင်းရစ် _ မေ ၄ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြို့မဈေးအရှေ့ဘက်မှာရှိတဲ့ ရွှေဧကရာဇ် ရွှေဆိုင်ကနေ ဓားပြတိုက်လာတဲ့အဖွဲ့ကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ ဗျူဟာအမှတ် ၆၄ ထံက သိရပါတယ်။
အခုလ မေ ၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ရွှေဧကရာဇ်ရွှေဆိုင်ကို ဓားပြဝင်တိုက်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လာတဲ့ ဓားပြအဖွဲ့ကို ဗျူဟာ ၆၄ နယ်မြေ မြင်းမူ ပကဖနဲ့ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ပကဖတို့က ပူးပေါင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ မနေ့ မေလ ၃ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
“သတင်းကတော့ ကျွန်တော်တို့ ဗျူဟာ ၆၄ နဲ့ နယ်မြေခံ ပကဖတို့ စစ်ဆင်ရေး ပူးပေါင်းလုပ်နေချိန်မှာ ပြည်သူတစ်ဦးက သတင်းပေးလို့ပါဗျ။ စုစုပေါင်းပါဝင်သူအရေအတွက်ကိုတော့ သက်ဆိုင်ရာကနေ စစ်ဆေးနေပါတယ်။ ကျွန်တော်တို့ ဖမ်းမိတာက စက်လှေ ၁ စီး၊ တရားခံ ၄ ယောက်နဲ့ သူတို့နဲ့အတူပါလာတဲ့ တိုက်ရာပါပစ္စည်းတွေပါ”လို့ ဗျူဟာ (၆၄) ဗျူဟာရုံး ရုံးအဖွဲ့မှူးက Burma VJ ကို ပြောပါတယ်။
ရွှေဆိုင်ဓားပြတိုက်လာသူတွေကို မြင်းမူမြို့နယ် ဧရာဝတီမြစ်ကမ်းတစ်နေရာမှာ နယ်မြေခံပကဖအဖွဲ့တွေက စစ်ဆင်ရေးပူးပေါင်းလုပ်ဆောင်နေချိန် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးရမိသူတွေထံကနေ ဓားပြတိုက်ရာပါ ရွှေထည်ပစ္စည်း (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၆၀၀၀ ခန့်) ကို ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး မြင်းမူမြို့နယ် ရွှေဧကရာဇ်ရွှေဆိုင်ပိုင်ရှင်ထံ မြင်းမူ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ပြန်လည်အပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။
ရွှေဆိုင်ဓားပြတိုက်ရာမှာပါဝင်တဲ့ တရားခံ ၄ ဦးကို ကနဦးကို ဖမ်းဆီးရမိခဲ့ပြီး ပါဝင်သူအရေအတွက်ကိုတော့ သက်ဆိုင်ရာအဖွဲ့တွေက ဆက်လက်စစ်ဆေးမေးမြန်းနေတယ်လို့လည်း သိရပါတယ်။ လက်ရှိဖမ်းဆီးရမိသူ ၄ ဦးဖြစ်တဲ့ အသက် ၂၀ ဝန်းကျင် လူငယ် ၃ ဦးနဲ့ ၂၉ နှစ်အရွယ် လူငယ်တစ်ဦးတို့ကို နယ်မြေခံ ပကဖတွေက မြင်းမူမြို့နယ် ပလဖထံ လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
မုံရွာခရိုင် အမှတ် ၅၊ ၈၊ ၉၊ ၁၀၊ ၁၁ တပ်ရင်းတွေပါဝင်တဲ့ ဗျူဟာအမှတ် ၆၄ တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ်ရင်းတစ်ခုလည်းဖြစ်ပြီး ဒေသတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
Comments