တော်လှန်ရေးနယ်မြေကိုထွက်လာဖို့အပါအဝင် အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးရှောင်ရှားကြဖို့ NUGကြေညာ

မိုနာ/BVJ_စက်တင်ဘာ ၁၈၊ ၂၀၂၆

စစ်အုပ်စုက လူငယ်တွေကိုဖမ်းဆီး အဓမ္မစစ်သားစုဆောင်းနေတာကြောင့် အရွယ်ရောက်ပြီးလူငယ်တွေအနေနဲ့ နည်းလမ်းစုံသုံးပြီးရှောင်ရှားကြဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာ ၁၈ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။
"အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ"ဆိုတဲ့ NUGရဲ့ထုတ်ပြန်ချက်ထဲမှာ လူငယ်တွေအနေနဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့် အခြေအနေရှိရင် တော်လှန်ရေးနယ်မြေကိုဖြစ်စေ၊ နိုင်ငံခြားကိုဖြစ်စေ အမြန်ဆုံးထွက်ခွာကြဖို့၊ ပေါ်တာဆွဲဖမ်းဆီးခံရမယ့်အရေးကိုရှောင်လွှဲနိုင်ဖို့အတွက် တဦးထဲသွားလာခြင်း၊ ညဘက် အပြင်ထွက်ခြင်းတွေကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ကြဖို့၊ မလွှဲမရှောင်သာလို့ အဓမ္မစစ်သားစုဆောင်းခံရရင်တော့ အခွင့်သာရင်စစ်တပ်ကိုစွန့်ခွာထွက်ပြေးလာပြီး အခြေအနေပေးရင် လက်နက်ပါတပါထဲယူဆောင်လာဖို့တို့ပါဝင်ပါတယ်။
အဲ့ဒီလိုဆောင်ရွက်ရာမှာ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး လိုအပ်တဲ့အကူအညီရယူဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

ဒါ့အပြင် လူထုအနေနဲ့မိမိရှေ့မှာ လူပေါ်တာဆွဲဖမ်းဆီးခြင်းတွေကြုံတွေ့ရင် မျက်ကွယ်ပြုမနေဘဲ လူထုအားနဲ့ဆန့်ကျင်တားဆီးကြဖို့ကိုလည်း ထုတ်ပြန်ချက်ထဲမှာတိုက်တွန်းထားပါတယ်။
တော်လှန်ရေးနယ်မြေတွေကိုရောက်ရှိလာတဲ့ လူငယ်တွေအနေနဲ့ တဦးချင်းရဲ့ကျွမ်းကျင်မှုနဲ့စိတ်ဝင်စားရာအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှုစတဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေမှာပါဝင်ခွင့်ရမှာဖြစ်ပြီး တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်လိုသူတွေလည်း သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ပြည့်မီရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေဆီဝင်ရောက်ခွင့်ရမှာဖြစ်ကြောင်းနဲ့ ပညာဆက်လက်သင်ယူလိုတဲ့ လူငယ်တွေအနေနဲ့လည်း ပညာသင်ယူခွင့်ရရှိအောင် စီမံဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
"တော်လှန်ရေးနယ်မြေသို့ရောက်ရှိလာသော လူငယ်များအနေဖြင့် တော်လှန်ရေးရဲဘော်များ၊ တော်လှန်ပြည်သူများနှင့်အတူတကွ ရပ်တည် ရုန်းကန်ရှင်သန်ရမည်ဖြစ်သော်ငြား မိမိတို့၏လူ့ဂုဏ်သိက္ခာနှင့်လုံခြုံမှုကိုရရှိခံစားနိုင်မည်ဖြစ်ပါသည်"လို့ NUGက ပြောထားပါတယ်။
ရန်သူ့တပ်ကိုစွန့်ခွာထွက်ပြေးလာတဲ့ ပြည်သူ့စစ်မှုထမ်း (ပစ)တွေကိုလည်း လိုအပ်တဲ့ချိတ်ဆက်မှုနဲ့ ကူညီစောင့်ရှောက်မှုတွေဆောင်ရွက်သွားပေးသွားမှာဖြစ်ပြီး လက်နက်နဲ့ပူးပေါင်းလာသူတွေကိုလည်း ထိုက်တန်တဲ့ဆုကြေးငွေပေးအပ်ချီးမြှင့်သွားမှာဖြစ်သလို နိုင်ငံရပ်ခြားကိုထွက်ခွာလိုသော ကြိုတင်ချိတ်ဆက်လာသူတွေကိုလည်း ဖြစ်နိုင်တဲ့ကူညီစောင့်ရှောက်မှုပေးနိုင်ဖို့စီစဥ်ဆောင်ရွက်သွားမယ်လို့ NUGကထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ပြည်သူ့စစ်မှုထမ်းကိုစတင်အသက်သွင်းပြီးချိန်ကစကာ လက်ရှိအချိန်အပတ်စဉ်(၂၇)အထိဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့ကြောင်းနဲ့ စစ်အုပ်စုရဲ့စစ်ကြောင်းတွေမှာ ပစ အင်အား၈၀ရာခိုင်နှုန်းအထိပါဝင်ခဲ့ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကနေ အခုနှစ် သြဂုတ်လအထိ (၂) နှစ်တာကာလအတွင်းမှာ စစ်တပ်ဘက်ကသေဆုံး (၂၀,၃၈၃) ဦး၊ ထိခိုက်ဒဏ်ရာရ (၉,၇၉၂) ဦး၊ ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃,၈၇၄) ဦး၊ မိမိအစီအစဥ်နဲ့စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ(တပ်ပြေး) (၂၀,၀၀၀) ဦးခန့် ရှိခဲ့ပါတယ်။အဲ့ဒီထဲက ထိခိုက်ဆုံးရှုံးသူအများစုဟာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)တွေဖြစ်ပြီး လက်ရှိမှာကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း (၅၃၆)ဦးအထိရှိတယ်လို့ NUGကသိရပါတယ်။


Comments