ဗိုလ်ချုပ်ကြီးကိုကိုဦးနေရာအစားထိုးမယ့် စစ်အုပ်စုရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးသစ် ဘယ်သူဖြစ်လာမလဲ

သူရ/BVJ_စက်တင်ဘာ ၁၈၊ ၂၀၂၆

ကချင်နဲ့ ရခိုင်စစ်မျက်နှာပြင်အထူးစစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်အထိနာနေတဲ့အချိန် စစ်အုပ်စုတပ်ထိပ်ပိုင်းမှာရာထူးအပြောင်းအလဲတွေရှိနေပါတယ်။
ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးနေရာကိုပြောင်းပြီး၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေကို စစ်တပ်ထဲပြန်ခေါ်ထားကြောင်း စစ်အုပ်စုပိုင်မြဝတီသတင်းမှာ မနေ့ကဖော်ပြခဲ့ပါတယ်။
ဒီရာထူးအပြောင်းအလဲမှာ ဗိုလ်ချုပ်ကြီး ကိုကိုဦးပြည်ထဲရေးဝန်ကြီးဖြစ်သွားတာနဲ့ပတ်သက်လို့ CDM ဗိုလ်ကြီး ဇင်ယော်က Burma VJကို အခုလိုပြောပြပါတယ်။
“စစ်ဘက်ဆိုင်ရာဆိုရင်တော့ ရာထူးနှိမ့်သွားတဲ့သဘောမျိုးလို့ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ညှိကွပ်ဆိုတာက တပ်ချုပ်၊ ဒုချုပ်ပြီးရင်သူပဲကိုး။ ဝန်ကြီးဆိုတာကများသောအားဖြင့် ဒုတိယဗိုလ်ချုပ်ကြီး လယ်ဗယ်တွေပဲရှိတာ၊ အဲ့တော့ ရာထူးကျသွားတယ်လို့ ပြောလို့ရပါတယ်”
ဒါ့အပြင် ဗိုလ်ချုပ်ကြီးကိုကိုဦး ပြည်ထဲရေးဝန်ကြီးနေရာပြောင်းလိုက်ပြီးနောက် တရုတ်ကနေမကြာခင်ရက်ပိုင်းအတွင်းကပြန်လာတဲ့ ဒုဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေ ညှိကွပ်ဖြစ်လာမလားဆိုတာလည်းစောင့်ကြည့်ဖို့လိုတယ်လို့ ဗိုလ်ကြီး ဇင်ယော်က ထပ်ဖြည့်ပြောပါတယ်။
“ညွှန့်ဝင်းဆွေက မင်းအောင်လှိုင်လူရင်းဆိုတော့ ဖြစ်နိုင်ခြေတော့များတယ်။ သူ့ ကို ရာထူးတိုးချင်လို့ပြန်ခေါ်တာလားဆိုတာနဲ့ လစ်လပ်နေတဲ့ညှိကွပ်နေရာမှာ ဘယ်သူ့ကိုခန့်မလဲစောင့်ကြည့်ရဦးမယ်။ ဒါပေမဲ့လည်း ပြည်ထဲရေးဝန်ကြီး ခန့်လိုက်တဲ့သူတော်တော်များများက ပြုတ်သွားတာဆိုတော့ တပ်တွင်းအခြေအနေတွေကိုဆက်ပြီး ကျွန်တော်တိုစောင့်ကြည့်နေပါတယ်။
လက်ရှိမှာ စစ်အုပ်စုတပ်ဟာ ကချင်နဲ့ရခိုင်စစ်မျက်နှာပြင်တွေမှာအထိနာမှုတွေ ဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ရွှေကူနဲ့ဗန်းမော်မြို့နယ်မှာ စစ်တပ်ဘက်ကအသုံးပြုနေတဲ့ စစ်သင်္ဘော အစီး ၂၀ နီးပါးကိုပစ်ချဖျက်ဆီးထားနိုင်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ကမနေ့ကညပိုင်းမှာ ကြေညာထားပါတယ်။




Comments