စစ်တွေ-ပုဏ္ဏားကျွန်းတိုက်ပွဲတွေအတွင်း အေအေကလက်နက်တွေရခဲ့

ယူဂရင်း/BVJ_စက်တင်ဘာ ၂၁၊ ၂၀၂၆

အာရက္ခတပ်တော်-AAနဲ့ အာဏာသိမ်းစစ်တပ်တို့ ရခိုင်ပြည်နယ်၊စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်ကကျဆုံးမှုတွေရှိသလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်သုံပန်းတွေကိုလည်း ဖမ်းမိရရှိခဲ့တယ်လို့ AAက မနေ့က စက်တင်ဘာ ၂၀ရက်ညပိုင်းမှာအသိပေးလာပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်က ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းနဲ့ ခလရ(၂၅၇)တို့လည်းပါဝင်တိုက်ခိုက်နေပြီး အဲ့ဒီထဲကအရှင်ဖမ်းမိထားတဲ့တပ်သားတွေရှိတယ်လို့ အာရက္ခတပ်တော်ကသိရပါတယ်။


အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်ရရှိရေးအတွက် စစ်တပ်ဘက်ကစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပြီး နှစ်ဖက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တွေကို စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့တပါတ်အတွင်းမှာ ပုဏ္ဏားကျွန်း၊တောင်ကုတ်၊ ဂွစတဲ့မြို့နယ်တွေကို လေယာဉ်၊ဒရုန်းတွေနဲ့လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် လေးရက်အတွင်းအရပ်သား(၅)ဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဟာ အာရက္ခဒေသအတွင်းက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူနေရာတွေကို ဂျက်တိုက်လေယာဉ်၊ဒရုန်းတွေနဲ့နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရရှိမှု၊ နေအိမ် အဆောက်အအုံပျက်စီးဆုံးရှုံးမှုတွေမြင့်တက်နေတာလို့ အေအေကပြောထားပါတယ်။
ဓါတ်ပုံ-အာရက္ခတပ်တော်ကရရှိခဲ့တဲ့လက်နက်များ




Comments