မြိုင်နဲ့ ပေါက်မြို့နယ်တို့မှာဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား
- BVJ

- Feb 11, 2025
- 1 min read
BVJ/ ဇော် _ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အညာမြေတပ်ပေါင်းစု မဟာမိတ်တပ်တို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Myaing Underground Defence Force – MUGDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ပေါက်မြို့နယ် ကုက္ကိုစု (ပျူစောထီး) ရွာကနေ ပြန်လည်ထွက်ခွာလာတဲ့ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်မြို့နယ် ကျောက်လုံးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းနေ့ ညပိုင်းမှာလည်း စစ်ကောင်စီတပ်မ ၁၀၁ လက်အောက်ခံ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ကျောက်လုံးရွာအနီးမှာ စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် TYK (သရက်ကန်) ပျောက်ကြားတပ်ဖွဲ့က ခေါင်းဆောင် ကိုမြင့်သူ ကျဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း We Love Myaing က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲအတွင်း အညာမြေတပ်ပေါင်းစုနဲ့အတူ TYK (သရက်ကန်) ပျောက်ကြားတပ်ဖွဲ့၊ ဝံပုလွေ ပျောက်ကြားတပ်ဖွဲ့၊ မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မြိုင် ပကဖ (တပ်ရင်း ၁)၊ ပခုက္ကူခရိုင် တပ်ရင်း ၁၊ ၂၊ ၇၊ စကြာတပ်ဖွဲ့၊ Union Brother၊ God of Myaing နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ဖေဖော်ဝါရီ ၃ ရက်ကနေ ၉ ရက်နေ့အထိ အနီးဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူတွေရဲ့ အစားအသောက်တွေကို ခိုးယူတာ၊ ဖမ်းဆီးနှိပ်စက်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါက်မြို့နယ် မန်ကျည်းစင်ရွာက အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မြိုင်မြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦးကိုလည်း ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပါသေးတယ်။




Comments