top of page

ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာ အလုပ်လုပ်ကိုင်ကြဖို့ စစ်ခေါင်းဆောင် ပြော

  • Writer: BVJ
    BVJ
  • May 1
  • 1 min read

BVJ/ထက်အောင် _ မေ ၁ ၊ ၂၀၂၅


Photo: Frontier Myanmar
Photo: Frontier Myanmar

ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်တာထက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာသာ အလုပ်လုပ်ကိုင်ကြဖို့ကို ဒီနေ့ မေလ ၁ ရက်မှာ ကျရောက်တဲ့ အလုပ်သမားနေ့သဝဏ်လွှာမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုပါတယ်။


မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့ တိုက်တွန်းချက်တွေကို တည်ဆဲဥပဒေနဲ့အညီ လိုက်နာကျင့်သုံးနေတယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။


ဒါ့အပြင် ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်တာတွေကြောင့် ပြည်တွင်းမှာ အလုပ်သမား ရှားပါးမှုဖြစ်ပေါ်နေပြီး ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နိုင်ရေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောထားတာပါ။


စစ်ခေါင်းဆောင်က ပြည်တွင်းအလုပ်သမားတွေ ဘဝလုံခြုံမှုရှိတယ်လို့ ပြောဆိုထားပေမဲ့ လုပ်ငန်းခွင်က ပြန်လာတဲ့ စက်ရုံအလုပ်သမား၊ ကုမ္ပဏီဝန်ထမ်းတွေကို စစ်ကောင်စီတပ်ဖွဲ့က အဓမ္မ စစ်မှုထမ်းဖမ်းဆီးခေါ်ဆောင်မှုတွေဟာ နိုင်ငံအနှံ့မှာဖြစ်ပေါ်နေပါတယ်။


စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဌာန်းခဲ့ပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံတွေမှာ စစ်ကောင်စီ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ လူငယ်လူလတ်ပိုင်းတွေ အမျိုးသားတွေကို အလုပ်ခန့်အပ်ခံရမှုကျဆင်းခဲ့ပြီး အမျိုးသမီးတွေကိုသာ ဦးစားပေးခေါ်ယူရတာတွေရှိတယ်လို့လည်း ရွှေပြည်သာစက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားစီမံခန့်ခွဲရေး မန်နေဂျာတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။


စစ်မှုထမ်းနည်းဥပဒေကို အခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ချိန် စစ်ကောင်စီအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာတာကို စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၅၁ အရ ပိတ်ပင်ခဲ့ပြီး ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်မှုထမ်းနည်းဥပဒေ အခန်း ၈ မှာ နိုင်ငံ့ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီက ဖော်ပြထားပြီး လစာနဲ့ ခံစားခွင့်ကိုတော့ တစ်ခုသာခံစားခွင့်ရမယ်လို့ ဆိုထားပါတယ်။


ပြည်ပနိုင်ငံတွေကို အလုပ်သမားစေလွှတ်မှုကိုလည်း စစ်ကောင်စီက ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး အလုပ်သမားအေဂျင်စီတစ်ခုအနေနဲ့ တစ်လကို အလုပ်သမား ၅ ဦးကနေ အများဆုံး ၂၀ ဦးအထိသာ စေလွှတ်ခွင့်ပေးပြီး နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှု ကန့်သတ်ချက်တွေကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page