ဘန်ကောက်ပြိုကျအဆောက်အအုံအောက် ဖုန်းမီးအချက်ပြတဲ့နေရာကို ကယ်ဆယ်ရေးအဖွဲ့ ရောက်ခဲ့ပေမဲ့ အသက်ရှင်ကျန်ရစ်သူကို မတွေ့ခဲ့
- BVJ
- Apr 24
- 1 min read
BVJ_ဧပြီ ၁၃ ၊ ၂၀၂၅

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဆောက်လုပ်စအဆောက်အအုံအောက်ကနေ ဖုန်းမီးအချက်ပြမှုကို ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့ပြီးနောက် ၂ ရက်ကြာ ရှာဖွေကယ်ဆယ်မှုကို လုပ်ဆောင်ခဲ့ပေမဲ့ ဖုန်းမီးအချက်ပြတဲ့နေရာကိုရောက်ရှိချိန် အသက်ရှင်ကျန်ရှိသူကို မတွေ့ခဲ့ရဘူးလို့ ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က ပြောကြားကြောင်း ထိုင်းသတင်းဌာနက Khaosod က ဖော်ပြထားပါတယ်။
ပြိုကျအဆောက်အအုံ ဇုန်ဘီနေရာအောက် ၃ မီတာအကွာအဝေးမှာရှိတဲ့ အပျက်အစီးတွေကြားကနေ ဖုန်းမီးအချက်ပြမှုကို ဧပြီ ၁၁ ရက် မနက်ပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေ တွေ့ရှိခဲ့တာကြောင့် ရေဒါကနေတဆင့် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ချိန် လူပုံသဏ္ဌာန်ပုံရိပ် ၂ ခုကို တွေ့ရှိခဲ့ပြီး ၂ ရက်ကြာ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဖုန်းမီးအချက်ပြတဲ့နေရာကို ဒီနေ့ ဧပြီ ၁၃ ရက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိခဲ့ပေမဲ့ အသက်ရှင်ကျန်ရစ်သူကို မတွေ့ခဲ့ရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ တွေ့ရှိခဲ့တဲ့ ဖုန်းမီးအချက်ပြမှုဟာ မှန်ကွဲစတွေရဲ့ အလင်းပြန်မှုသာဖြစ်နိုင်တယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြောပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဘန်ကောက်မြို့ ချက်တူချက်မှာရှိတဲ့ အထပ် ၃၀ မြင့် ဆောက်လုပ်စ စာရင်းစစ်ချုပ်ရုံး ပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၃၂ ဦးအထိရှိပြီး ပျောက်ဆုံးနေသူ ၆၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၉ ဦးအထိရှိခဲ့တယ်လို့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) က မနေ့ ဧပြီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
Comments