ဘင်္ဂလားဒေ့ရှ်ထဲထွက်ပြေးခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို နေရပ်ပြန်ပို့
- BVJ
- 6 days ago
- 1 min read
BVJ/Moore _ မေ ၈ ၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံနယ်ခြားစောင့်ရဲတပ်ဖွဲ့ စုစုပေါင်း ၃၄ ဦးကို မနေ့ မေလ ၇ ရက်မှာ နေရပ်ပြန်ပို့လိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နေရပ်ပြန်ပို့ခံရသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲ ၃၄ ဦးအပြင် ကော့ဘဇားအကျဉ်းထောင်နဲ့ ပါတူခါလီအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၆ ဦးတို့လည်းပါဝင်ပါတယ်။
နေရပ်ပြန်ပို့ခံရသူတွေကို ကော့ဘဇားလေဆိပ်ကနေတဆင့် မနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စခန်းစွန့်ခွာထွက်ပြေးလာသူတွေဖြစ်ပြီး နိုင်ငံတွင်း ဝင်ရောက်လာသူတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးဝင်ရောက် ခိုလှုံခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၈၇၅ ဦးကို ရေကြောင်းကနေတဆင့် နေရပ်ပြန်ပို့မှုတွေကို လုပ်ဆောင်ခဲ့ပါသေးတယ်။
Ref: BSS News
Commentaires