ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ KIA ဌာနချုပ် လိုင်ဇာမြို့ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
- BVJ

- Jan 24, 2025
- 1 min read
စစ်ကောင်စီသံချပ်ကာကား ၄ စီး KIA ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ သိရ
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၄ ၊ ၂၀၂၅

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မြို့သိမ်းတိုက်ပွဲ ဒီနေ့ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းထိ ဆက်လက် ပြင်:ထန်နေပြီး ဗန်းမော်လေဆိပ်အနီးက သံချပ်ကာတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ အမှတ် ၇၀၀၆ သံချပ်ကာ တပ်ရင်း၊ အမှတ် ၄၇ ခြေလျင်တပ်ရင်းအပါအဝင် ဗန်းမော်တက္ကသိုလ်ဝင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အခြေစိုက်နေရာကိုတွေကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ ပါတယ်။
ဒီနေ့မနက်ပိုင်း ဗန်းမော်မြို့တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ သံချပ်ကာကား ၄ စီးကို သိမ်းယူနိုင်ခဲ့တယ်လို့ စစ်မြေပြင်ရှေ့တန်းအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကလည်း Burma VJ ကို အတည်ပြု ထားသလို ကချင်ဒေသတွင်း သတင်းဌာနတွေကလည်း သံချပ်ကာကား ၄ စီးကို KIA ပူးပေါင်း တပ်တွေက သိမ်းဆည်းထားနိုင်ကြောင်း ဖော်ပြထားပါတယ်။
“ဒီမနက်တင် တိုက်ပွဲဖြစ်တော့ ရှေ့တန်းက ရဲဘော်တွေနဲ့ အဆက်အသွယ်ရတယ်။ သံချပ်ကာကား ၄ စီး သိမ်းနိုင်တယ်ဆိုတာ ဟုတ်တယ်လို့ သူတို့ကလည်း ပြောတယ်” စစ်မြေပြင်ရှေ့တန်းအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကလည်း Burma VJ ကို အတည်ပြုပြောပါတယ်။

ဗန်းမော်မြို့တွင်း စစ်ကောင်စီ တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း တပ်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားနိုင်တဲ့ အခြေအနေရှိပြီး အပြီးသတ်သိမ်းယူနိုင်တာမျိုးတော့ မရှိသေးပါဘူးလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း Burma VJ ကို ပြောပါတယ်။
“ဒီနေ့ မနက်ပိုင်း ဗန်းမော်မြို့မှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်။ စစ်ကောင်စီစခန်းတွေကို ဝိုင်းပြီး ပိတ်ဆို့ထားပါတယ်။ သံချပ်ကာကားတွေ သိမ်းဆည်းနိုင်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး လောလောဆယ်တော့ ကျွန်တော် အတည်မပြုနိုင်သေးပါဘူး”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
တစ်ကျော့ပြန် ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီကလည်း KIA ဌာနချုပ် တည် ရှိရာ လိုင်ဇာမြို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့သိရပြီး ထိခိုက်ပျက်စီးမှုတော့ မရှိဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ ရွှေကျီးနား၊ နောင်ခို၊ နမ့်မားနဲ့ မင်းလှ ရပ်ကွက်တို့ကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ Banmaw Scout Team ကလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်နေ့ကတည်း ဗန်းမော်-မံစီမြို့သိမ်းတိုက်ပွဲကို KIA ပူးပေါင်းတပ်တွေက တပြိုင်နက် ထိုးစစ်ဆင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး အခုလ ဇန်နဝါရီ ၈ ရက်မှာ မံစီမြို့မှာရှိတဲ့ စစ်ကောင်စီ အခြေစိုက်တပ်ရင်းစခန်းအားလုံးကို သိမ်းယူနိုင်ခဲ့ကာ မံစီမြို့ကို ထိန်းချုပ်ထားပါတယ်။




Comments