ဗန်းမော်နဲ့ ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်က စစ်ကောင်စီကာကင်းစခန်းတွေ KIA ထပ်မံသိမ်းယူ
- BVJ

- Apr 26, 2025
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၂၆ ၊ ၂၀၂၅

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့ ဖားကန့်မြို့တို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး ဗန်းမော်မြို့က စစ်ကောင်စီကာကင်းစခန်းအချို့ သိမ်းယူနိုင်ခဲ့ပါတယ်။
မနေ့ ဧပြီ ၂၅ ရက် မနက် ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နဲ့ အမှတ် ၄၇ ခြေလျင်တပ်ရင်းစခန်းတို့ကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှုတွေ ပြန်လည်လုပ် ဆောင်နေပြီး ဒီနေ့ ဧပြီ ၂၆ ရက်မှာ စကခ ၂၁ က ကာကင်းစခန်း ၅ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗန်းမော်စစ်ရေးသတင်းတွေကို စောင့်ကြည့်နေတဲ့ Banmaw Scout Team က ဖော်ပြထားပါတယ်။
စကခ ၂၁ က ကာကင်းစခန်းတွေကို KIA ပူးပေါင်းတပ်က သိမ်းယူနိုင်ခဲ့မှုအခြေအနေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အတည်ပြုထားမျိုး မရှိသေးပါဘူး။
“မနေ့ည ၁ နာရီ၊ ၂ နာရီလောက်အထိကတော့ ကာကင်းစခန်းတွေ သိမ်းနိုင်တယ်လို့ မကြားမိသေးဘူး။ ဒီနေ့ အခြေအနေကိုတော့ မသိရသေးဘူး။ ဗန်းမော်မှာ မနေ့ကရော ဒီနေ့ရော အရင်နေ့တွေကထက် နည်းနည်းပိုပြင်းထန်တဲ့ အခြေအနေရှိပါတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက Burma VJ ကို ပြောပါတယ်။
Photo: Banmaw Scout Team
မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ဗန်းမော်မြို့ စစ်ရေးအခြေအနေ အနည်းငယ်ငြိမ်သက်ခဲ့ပေမဲ့ မနေ့ ဧပြီ ၂၅ ရက်မျာ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှုတွေ ပြန်လည်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး ဒရုန်းတွေနဲ့ အပြင်းအထန် ပြန်လည်ခုခံနေတာကြောင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေလည်းရှိနေတယ်လို့ Banmaw Scout Team က ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖားကန့်မြို့အနီးတဝီုက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေရှိနေပြီး အခုလ ၂၃ ရက်ကလည်း ကားမိုင်း-လီဒီုလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ မိုးညှင်း-အင်းတော်ကြီး-နမ့်မွန်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်မြေပြင်တိုက်ပွဲ ပြင်းထန်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပါတယ်။
၅ လနီးပါကြာမြင့်လာတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ ၂၃၆ တပ်ရင်း၊ အမှတ် ၃၆၆ အမြောက်တပ်၊ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရင်း၊ အမှတ် ၇၀၀၆ တင့်ကားတပ်ရင်း၊ ကားကင်းစခန်းတွေနဲ့ ဗန်းမော်လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ်တွေက သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်အချို့ကိုလည်း သိမ်းယူထားနိုင်ခဲ့ပါတယ်။












Comments