top of page

ဗကသကျောင်းသားအများစုနဲ့ CDM ဝန်ထမ်းတွေပါဝင်တဲ့ PIA တပ်တော်က NUG နဲ့ ပူးပေါင်းဆောင်ရွက်မယ်

  • Writer: BVJ
    BVJ
  • Jan 31, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၉ ၊ ၂၀၂၅



ရခိုင်-မကွေးနယ်စပ်မှာ အခြေစိုက်ပြီး ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ စစ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မယ်လို့ မနေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။


NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ PIO/PIA က ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလအတွင်း လုပ်ဆောင်ချက်တွေကို ဆွေးနွေးခဲ့သလို NUG အစိုးရနဲ့ စစ်ရေးဆိုင်ရာလုပ်ငန်းစဉ်များနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း ပူးပေါင်း ကူညီဆောင်ရွက်သွားဖို့ ဆွေးနွေး သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။


“အရင်ကတည်းက မြေပြင်တပ်ဖွဲ့တွေနဲ့ စစ်ရေးနိုင်ငံရေးအပြင်အခြားသော လုပ်ငန်းကိစ္စတွေပါ ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်ဗျ ။ အခုမှ တရားဝင်သတင်းထုတ်ပြန်တာပါ” လို့ ပြောပါတယ်။ NUG MOD တပ်ရင်းတွေ ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ၊ MOH ကျန်းမာရေးဌာနတွေနဲ့အစောပိုင်းကာလကတည်းက ပူးပေါင်းလုပ်ဆောင်မှုတွေရှိနေတာဖြစ်ပြီး အခုချိန်မှသာ တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။




အာရက္ခတပ်တော် (AA) ထံမှာ စစ်သင်တန်းတက်ခဲ့ကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားဟောင်းတွေ၊ CDM ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေအပါအဝင် စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ လူငယ်အများစုနဲ့ ပူးပေါင်းကာ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ကို ၂၀၂၁ ခုနှစ်ထဲမှာ ဖွဲ့စည်းခဲ့တာပါ။


“PIO/PIA က ဗကသကျောင်းသားအဟောင်းတွေ၊ ၂၀၁၂၊ ၂၀၁၅ ပညာရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတွေ၊ ပြီးရင် CDM ဆရာဝန်တွေ၊ CDM ဆရာ၊ ဆရာမတွေနဲ့ စတင်ပြီးတော့မှ အမြုတေ ဖြစ်လာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ စစ်ကို စစ်နဲ့တူအောင် စစ်တပ်ကို တိုက်နိုင်ဖို့ စနစ်တကျ တည်ဆောက်ဖို့လိုတယ်ဆိုတဲ့အမြင်က အစောပိုင်းကတည်းက ရှိတယ်။ ပြည်သူလူထုအနေနဲ့ ယုံကြည်အားကိုးအားထားတဲ့တပ်တစ်ခု၊ စည်းကမ်းပြည့်ဝတဲ့ တပ်တစ်ခု၊ တိုက်ရည်ခိုက်ရည်ရှိတဲ့တပ်တစ်ခုရှိအောင်၊ ဖြစ်အောင် ကြိုးစားတည်ဆောက်နေတယ်”လို့ PIO/PIA ဗဟိုကော်မတီဝင် ကိုမိုးနေလက Burma VJ ကို ပြောပါတယ်။


AA တပ်တော်ထံမှာ စစ်ပညာသင်ကြားခဲ့ပြီးနောက် PIO/PIA အဖွဲ့ကို ဖွဲ့စည်းပြီးချိန်နောက်ပိုင်း ဒေသတွင်း စစ်ဆင်ရေးတွေအပြင် မြောက်ပိုင်းမဟာမိတ်ညီနောင် ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ကရင်နီပြည်နယ်မှာ ဖော်ဆောင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးတို့မှာလည်း ဒေသတွင်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးတွေကို ပူးပေါင်းဆောင်ရွက်ခဲ့သလို တော်လှန်ရေးမှာ စစ်ကောင်စီ စစ်တပ်ကို အနိုင်တိုက်နိုင်ရေးကို အဓိက ရည်မှန်းချက်ထား လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။



PIO/PIA အနေနဲ့ မူဝါဒ ၅ ရပ်ထားရှိပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ပြည်သူ့ဘဝ လွတ်မြောက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံပြည်သူလူမှုဘဝ မျှတရေးဆိုတဲ့ မူဝါတွေ ချမှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံရေးမူဝါဒ ၅ ရပ်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေးပြီးတဲ့အချိန်တွေမှာပါ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။


တပ်ပိုင်းဆိုင်ရာအရ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်အောက်မှာ တာဝန်ထမ်းနိုင်အောင် PIO/PIA စစ်သားတွေကို DOT Train လုပ်ဆောင်ပေးထားပြီး တော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို ပြည့်ပြည့်ဝဝ လုပ်ဆောင်ပေးနိုင် ကြိုးစားနေတယ်လို့ ကိုမိုးနေလက ပြောပါတယ်။ တော်လှန်ရေးကာလအလွန် ဖြစ်ပေါ်လာမယ့် အခင်းအကျင်းပေါ်မူတည်ပြီး လိုအပ်ပါက ဆက်လက်တာဝန်ထမ်းနိုင်ဖို့အတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page