top of page

ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ဖခင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်

  • Writer: BVJ
    BVJ
  • 9 hours ago
  • 1 min read

“ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေမှာ လက်နက်ရှိသူဘယ်သူကမှ လက်နက်မဲ့သူ ဘယ်သူ့ကိုမဆို သတ်ဖြတ်ခွင့် မရှိပါဘူး” (ဒေါက်တာနေဝင်း ၊ ၁၉၆၀-၂၀၂၅)


BVJ/အိုင်းရစ် _ မေ ၁၄ ၊ ၂၀၂၅



၇၄ မျိုးဆက် ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းဟောင်းလည်းဖြစ်သူ ဒေါက်တာနေဝင်း ကွယ်လွန်ခဲ့တဲ့အတွက် သူနဲ့ ရင်းနှီးသူတွေက လူမှုကွန်ရက် (Facebook) မှာ ရေးသားဖော်ပြထားပါတယ်။


နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်းဟာ ဒီနေ့မနက်အစောပိုင်းမှာ ရန်ကုန်ဆေးရုံကြီးမှာ ဒီနေ့ မေလ ၁၄ ရက် မနက် ၂ နာရီက အဆုတ်ရောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီး သူကွယ်လွန်ချိန် အသက် ၆၆ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။ သူဟာ ဗမာနိုင်ငံလုံးသားဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသူဟောင်း မဖြိုးဖြိုးအောင်ရဲ့ဖခင်တစ်ဦးလည်း ဖြစ်ပါတယ်။


တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၈၈၈၈ အရေးအခင်းအပြီး အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုမှာ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ဦးနေဝင်းကို ကွန်မြူနစ်ပါတီမှာပါဝင်ခဲ့တယ်ဆိုပြီး ၁၉၈၉ မှာ စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရကာ ထောင်ဒဏ် ၁၅ နှစ်နဲ့ ၄ လ ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။




၁၆ နှစ်နီးပါး ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၀၅ ခုနှစ် ထောင်ပြန်လွတ်ပြီးနောက် ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး မုန်တိုင်းကြောင့် သေဆုံးခဲ့သူတွေကို သင်္ဂြိုလ်ဖို့အတွက် လုပ်ဆောင်ချိန် မတရားအသင်းဖွဲ့စည်းမှုဥပဒေ၊ တရားခံပြေးတစ်ဦး (မဖြိုးဖြိုးအောင်) ကို နေအိမ်မှာ နေထိုင်ခွင့်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာရှင်(ဟောင်း) ဦးသန်းရွှေ စစ်အစိုးရရဲ့ ဖမ်းဆီးတာကို ထပ်မံခဲ့ခဲ့ရပြီး ထောင် ၂ နှစ် ၇ လ ထပ်မံချမှတ်ခံခဲ့ရပါတယ်။


ဦးနေဝင်း ကွယ်လွန်ခဲ့တဲ့အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ရေးသားထားကြပြီး ၈၈ မျိုးဆက်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးမြအေးကလည်း “ကျွန်တော်တို့ရဲ့စီနီယာအကို၊ စိတ်နှလုံးသားနူးညံ့ပျော့ပြောင်းသူ၊ လေးစားချစ်ခင်ရသောကိုနေဝင်း ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။ အကိုကိုနေဝင်းကောင်းရာမွန်ရာမှာအေးချမ်းစွာနားခိုပါစေ” လို့ ရေးသားဖော်ပြထားပါတယ်။


ဝါရင့်နိုင်ငံရေးသမား ဒေါက်တာနေဝင်းကို ၁၉၆၀ ဇူလိုင်လ ၉ ရက်နေ့မှာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာ မွေးဖွားခဲ့ပြီးနောက် ငယ်စဉ်ကတည်းက စေတနာ့ဆရာဝန်လုပ်ကိုင်လိုသူတစ်ဦးဖြစ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာပညာရပ်တွေကို လေ့လာသင်ယူခဲ့သလို တရုတ်အပ်စိုက်ကုဆေးပညာရပ်နဲ့ ပရဟိတဆေးကုသမှုတွေ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ နိုင်ငံရေးလောကထဲကို ၁၉၇၄ ခုနှစ်မှာ သူ ကောလိပ်ကျောင်းသားဘဝက မြေအောက်လှုပ်ရှားမှုပုံစံနဲ့ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်အထိ သူ့ရဲ့နိုင်ငံရေးခံယူချက်အပေါ် ခိုင်ခိုင်မာမာရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page