ဗီဇာသက်တမ်းကုန် မြန်မာနိုင်ငံသားတွေကို တောင်ကိုရီးယားအစိုးရက အထူးနေထိုင်ခွင့်ဗီဇာ လုပ်ပေး
- BVJ

- Jan 17, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၇ ၊ ၂၀၂၅

တောင်ကိုရီးယားနိုင်ငံတွင်း အလည်အပတ်ရောက်ရှိနေသူတွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မိမိနိုင်ငံကို ပြန်ဖို့အခက်အခဲရှိနေပါက ဗီဇာသက်တမ်း တိုးမြှင့်ပေးမှုကို ပုံမှန် လုပ်ဆောင်ပေးနေပြီး အထူးသဖြင့် မြန်မာနိုင်ငံသားတွေနဲ့ ယူကရိန်းနိုင်ငံသားတွေကို “လူသားချင်း စာနာသည့် ယာယီနေထိုင်ခွင့်ဗီဇာ G1-99 Visa” နဲ့ ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးပေးတာမျိုးရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကိုရီးယားနိုင်ငံတွင်း ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း နေရပ်ပြန်ဖို့ အခက်အခဲရှိနေပြီး နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေပါကလည်း တောင်ကိုရီးယားအစိုးရရဲ့ အထူးနေထိုင်ခွင့်ဗီဇာအမျိုးအစားဖြစ်တဲ့ G1-99 Visa နဲ့ ဆက်လက်ဆောင်ရွက်ပေးတာမျိုး ရှိနေတာ ဖြစ်ပါတယ်။
“ကိုရီးယားပေါ်လစီကတော့ မပြန်နိုင်သူဆိုရင် ဘယ်သူပဲဖြစ်ဖြစ် အတင်းအကျပ် ပြန်မပို့ဘူး။ ဗီဇာတခုခု ရှိထားသူက သူ့မူလဗီဇာကို ထပ်တိုးလို့မရတော့ရင် G1-99 ဗီဇာပြောင်းယူ။ ဗီဇာမရှိသူဆိုရင်လည်း မဖမ်းဘူး ပြန်မပို့ဘူး။ ဗီဇာရှိသူ ဗီဇာတိုးမယ်ဆိုရင် ပုံမှန်အားဖြင့် ပတ်စပို့သက်တမ်း ရှိရမယ်။ သို့သော် ချွင်းချက်အဖြစ် မရှိလည်းဘဲ တိုးပေးနေတယ်။ ဒါပေမဲ့ အထောက်အထားတွေ ထောက်ခံစာတွေ ပြရ ပြောရတယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး တာဝန်ခံကလည်း Burma VJ ကို ပြောပါတယ်။
တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနကလည်း G1-99 ဗီဇာကို အထူးနေထိုင်ခွင့်ဗီဇာအဖြစ် သတ်မှတ်ကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့ကတည်းက ထုတ်ပြန်ထားပါတယ်။ G1-99 ဗီဇာနဲ့ နေထိုင်ခွင့်ရသူ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းတဲ့ကာလအထိ တောင်ကိုရီးယားနိုင်ငံမှာ ခိုလှုံနေထိုင်နိုင်ပြီး တောင်ကိုရီးယားမှာရှိတဲ့ ယူကရိန်းနိုင်ငံသားတွေကိုလည်း အဲ့ဒီဗီဇာအမျိုးအစားကို ထုတ်ပေးထားတယ်လို့ သိရပါတယ်။
အထူးနေထိုင်ခွင့် G1-99 ဗီဇာနဲ့ သက်တမ်းတိုးနေထိုင်ခွင့်ရရှိသူ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေပါကလည်း စစ်ကောင်စီသံရုံးမှာ သက်တမ်းသွားရောက်တိုးစရာမလိုတော့ဘဲ တောင်ကိုရီးယားနိုင်ငံတွင်း နေထိုင်ခွင့်ရရှိနေမှာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကိုရီးနိုင်ငံတွင်းမှာရှိနေတဲ့ ဒီမိုကရေစီရေးနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက အမည်ပျက်စာရင်း (Blacklist) ထုတ်ပြန်ကာ နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးမပေးတာတွေလည်း ရှိနေပါတယ်။










Comments