အမေရိကန်နိုင်ငံကို သုံးရက်ကြာခရီးစဉ်ရောက်ရှိလာတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို သမ္မတထရမ့်ကိုယ်တိုင်လေဆိပ်မှာသွားကြို

သူရ/BVJ_ စက်တင်ဘာ ၂၄၊ ၂၀၂၆

အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးရဲ့အရေးပါမှုကိုမီးမောင်းထိုးပြတဲ့အနေနဲ့ နိုင်ငံခြားခေါင်းဆောင်တစ်ဦးကို သမ္မတ ထရမ့်ကိုယ်တိုင် လေဆိပ်အထိသွားရောက်ကြိုဆိုခဲ့တဲ့ ရှားပါးတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။
လုံခြုံရေး၊ကုန်သွယ်ရေးနဲ့နည်းပညာစတဲ့ အဓိကကိစ္စရပ်တွေကိုဆွေးနွေးဖို့အတွက် အမေရိကန်နိုင်ငံကို သုံးရက်ကြာခရီးစဉ်နဲ့ရောက်ရှိလာတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတရားဝင်ကြိုဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ဟာ ဗုဒ္ဓဟူးနေ့ကမေရီလန်းပြည်နယ်ရှိ ဂျွိုင်းဘေ့စ် အင်ဒရူးစ် (Joint Base Andrews) လေတပ်စခန်းကို ကိုယ်တိုင်သွားရောက်ပြီး တရုတ်သမ္မတကို လေဆိပ်မှာလူကိုယ်တိုင်ကြိုဆိုခဲ့တာဖြစ်ပါတယ်။ ဒါဟာ မကြာသေးမီကာလအတွင်းက သမ္မတတစ်ဦးအနေနဲ့ နိုင်ငံခြားခေါင်းဆောင်ကို လေဆိပ်အထိသွားရောက်ကြိုဆိုခဲ့တဲ့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ကြိုဆိုရေးအခမ်းအနားမှာ အမေရိကန်သမ္မတနဲ့ သမ္မတကတော် မီလာနီယာ ထရမ့်တို့က သမ္မတ ရှီကျင့်ဖျင်နဲ့ဇနီးဖြစ်သူတို့ကို လေယာဉ်ကွင်းဆင်းပြင်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ကော်ဇောနီခင်းကြိုဆိုကာလက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီနောက် သမ္မတ ထရမ့်နဲ့သမ္မတ ရှီကျင့်ဖျင်တို့ဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့ ခြံရံလျက် ဘေးချင်းယှဉ်လျှောက်လာခဲ့ကြပြီး အမြောက်ဆံတွေနဲ့ဂါရဝပြုခြင်းနဲ့ အမေရိကန် အမျိုးသားသီချင်းတီးမှုတ်ခြင်းတို့အတွက် ရပ်တန့်ဂါရဝပြုခဲ့ကြပါတယ်။
အခုလို လူကိုယ်တိုင်သွားရောက်ကြိုဆိုမှုဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်း အံ့မခန်းစီးပွားရေးတိုးတက်လာမှုနဲ့အတူ အမေရိကန်နဲ့ရင်ဘောင်တန်းနိုင်တဲ့ ကမ္ဘာ့စူပါပါဝါ နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်လာခဲ့တဲ့ ဘေဂျင်းအစိုးရနဲ့ ဆက်ဆံရေးအပေါ် ဝါရှင်တန်ဒီစီဘက်က အလွန်အမင်းအလေးအနက်ထားကြောင်း ပြသလိုက်တဲ့လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။

တရုတ်ကုန်ပစ္စည်းတွေအပေါ် ထရမ့်အစိုးရက အခွန်နှုန်းထားတိုးမြှင့်ကောက်ခံခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ရပြီး ဘေဂျင်းဘက်ကလည်း လက်တုံ့ပြန်အစီအမံတွေနဲ့တုံ့ပြန်ခဲ့တာတွေရှိခဲ့ပေမဲ့ သမ္မတ ထရမ့်ကတော့ သမ္မတရှီကျင့်ဖျင်အပေါ် အလေးထားကြောင်းနဲ့ တရုတ်နိုင်ငံနဲ့ခိုင်မာတဲ့ဆက်ဆံရေးရှိချင်တဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
တရုတ်သမ္မတရဲ့ အမေရိကန်ခရီးစဉ်အတွင်း နိုင်ငံရဲ့အာဏာကြီးမားတဲ့နည်းပညာလုပ်ငန်းရှင်တွေတက်ရောက်မယ့် နိုင်ငံတော်ညစာစားပွဲ၊ အိမ်ဖြူတော်မှာ ကျင်းပမယ့် စစ်ဘက်ဆိုင်ရာကြိုဆိုရေးအခမ်းအနားအပြင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွတ်လပ်ရေးကြေညာစာတမ်းစတဲ့ သမိုင်းဝင်နဲ့ ယဉ်ကျေးမှုအရအရေးပါတဲ့စာရွက်စာတမ်းတွေ ထိန်းသိမ်းထားရှိရာ အမျိုးသား မော်ကွန်းတိုက် (National Archives)ကို သွားရောက်လည်ပတ်မှုတွေလည်းပါဝင်မှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း နိုင်ငံရေးနဲ့စီးပွားရေးသြဇာလွှမ်းမိုးမှုအတွက် အပြိုင်အဆိုင်ဖြစ်နေကြတဲ့နှစ်နိုင်ငံစလုံးဟာ တစ်ဖက်နဲ့တစ်ဖက် သတိနဲ့စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း အမေရိကန်ရဲ့ အီရန်စစ်ပွဲ၊ ကုန်သွယ်ရေး၊ နည်းပညာ၊ ရှားပါးမြေရှားသတ္တုတွေအပြင် တရုတ်နိုင်ငံက သူပိုင်နယ်မြေအဖြစ် ကြေညာထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဖြစ်တဲ့ တိုင်ဝမ်နဲ့အမေရိကန်တို့ရဲ့ ဆက်ဆံရေးစတဲ့ကိစ္စရပ်တွေကိုပါ ထည့်သွင်းဆွေးနွေးသွားဖွယ်ရှိပါတယ်။
နှစ်နိုင်ငံကြားဒဏ်ခတ်အရေးယူတဲ့အခွန်နှုန်းထားတွေကနေ ယာယီသက်သာခွင့် ပေးထားခဲ့တဲ့ ၁၁ လတာသဘောတူညီချက်ဟာ လာမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့မှာသက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ခရက်ဒစ်- AL Jazeera




Comments