အာဏာရှင်အဖြစ်ဖော်ပြခဲ့တဲ့ Timeမဂ္ဂဇင်းနဲ့သတင်းထောက်တို့ကို မီဒီယာကျင့်ဝတ်စောင့်ထိန်းလိုက်နာခြင်းမရှိဘူးဆိုပြီး စစ်အုပ်စုပြစ်တင်

သူရ/BVJ_စက်တင်ဘာ၂၃၊ ၂၀၂၆

ကမ္ဘာကျော် Timeမဂ္ဂဇင်းက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံမေးမြန်းမှုကို အင်တာဗျူးပုံစံအတိုင်းမဖော်ပြဘဲ ဆောင်းပါးပုံစံနဲ့လိုရာဆွဲကာ စိတ်ကြိုက်ရေးသားဖော်ပြခဲ့တယ်လို့ဆိုပြီး Time မဂ္ဂဇင်းနဲ့သတင်းထောက် Charlie Campbellတို့ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချကြောင်း ဒီနေ့ စက်တင်ဘာလ ၂၃ရက်မှာ အာဏာသိမ်းစစ်အုပ်စုကသတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာကျော်Timeမဂ္ဂဇင်းကြီးကနေ စက်တင်ဘာ ၂၃ ရက်နေ့က “Myanmar’s Dictator Wants to Rebuild Ties With the West" (အနောက်နိုင်ငံများနဲ့ဆက်ဆံရေး ပြန်လည်ထူထောင်လိုသည့် မြန်မာအာဏာရှင်)လို့ အဓိပ္ပာယ်ရတဲ့ခေါင်းစဥ်နဲ့ စစ်ခေါင်းဆောင်နဲ့အင်တာဗျူးပြီးနောက်ဖော်ပြခဲ့တဲ့ အထူးသတင်းဆောင်းပါးအပေါ်မှာ အာဏာသိမ်းစစ်အုပ်စုဘက်ကချက်ခြင်းတုန့်ပြန်ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ထုတ်ပြန်ချက်ထဲမှာ - စင်ကာပူအခြေစိုက် Timeမဂ္ဂဇင်းရဲ့ အာရှဗျူရိုအကြီးအကဲ သတင်းထောက် Charlie Campbellဟာ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးကနေတဆင့် "The Future of Myanmar" ဆိုတဲ့ခေါင်းစဉ်နဲ့ အင်တာဗျူးပြုလုပ်ဖို့မေတ္တာရပ်ခံခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်မှာလက်ခံတွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ပေမယ့် Time မဂ္ဂဇင်းကတော့ အမေးအဖြေပုံစံအတိုင်းမဟုတ်ဘဲ ဆောင်းပါးပုံစံအနေနဲ့သာ ရေးသားဖော်ပြခဲ့ကြောင်းဖော်ပြထားပါတယ်။
ဆောင်းပါးပုံစံနဲ့ဖော်ပြရာမှာလည်း ဖြေကြားခဲ့တဲ့အချက်အလက်တွေကို အမှန်တကယ်အတိုင်းမဖော်ပြဘဲ မလိုလားအပ်တဲ့ရေးသားချက်တွေအပြင် အခြားပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ၊ သုံးသပ်ချက်တွေကိုသာ ဦးစားပေး ထည့်သွင်းဖော်ပြခဲ့တယ်လို့ နေပြည်တော်စစ်အုပ်စုဘက်ကစွပ်စွဲပြစ်တင်ထားပါတယ်။
ဒါကြောင့် Time မဂ္ဂဇင်းနဲ့ သတင်းထောက်တို့အနေနဲ့ မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်းမရှိခဲ့တာကြောင့် စစ်ခေါင်းဆောင်နဲ့အင်တာဗျူးလုပ်ခဲ့တဲ့ မူရင်းအမေးအဖြေအပြည့်အစုံကိုထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်းလည်း စစ်အုပ်စုဘက်ကထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ၂၀၂၁အာဏာသိမ်းပြီးကထဲက အနောက်နိုင်ငံကသတင်းမီဒီယာတွေကိုအင်တာဗျူးပေးတာဟာ အခုတခေါက်ကပထမဆုံးအကြိမ်ဖြစ်ပြီး အင်တာဗျူးထဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးသူရဲ့သဘောထား၊ အမေရိကန်ရဲ့အရေးယူပိတ်ဆို့ခံရမှုကြောင့် ထိခိုက်နစ်နာမှုတွေအကြောင်း စတာတွေကိုလည်းထည့်သွင်းပြောဆိုထားပါတယ်။



Comments