ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း မြင်းခြံတပ်ဖွဲ့က ရဲဘော် ၇ ဦးကျဆုံးခဲ့
- BVJ

- Apr 24
- 1 min read
BVJ/မိုနာ_ ဧပြီ ၂၄၊ ၂၀၂၅

ငါးလကြာဆင်နွှဲခဲ့ရတဲ့ ချင်းပြည်နယ်ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲမေတွေအပါအဝင် ရဲဘော် ၈၉ ဦးကျဆုံးခဲ့ပြီး အဲ့ဒီထဲမှာ မြင်းခြံအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger(MBT)က ရဲဘော် (၇)ဦးပါဝင်တယ်လို့ တပ်ဖွဲ့က သိရပါတယ်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာက ၉ ရက်နေ့ကစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ငါးလပြည့်တဲ့ အခုလ ဧပြီ ၉ရက်မှာ မြို့ကိုသိမ်းပိုက်ပြီး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
အဲ့ဒီမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်တပ်ဖွဲ့နဲ့အတူ မြေပြန့်ဒေသကတော်လှန်ရေးအင်အားစုတွေ ဖြစ်တဲ့ 96Soliders PDF, Anti-Fascist Internationalist Front(AIF), Burma National Revolutionary Army(BNRA), Burmese Revolutionary Technical Front(BRTF ယမ်းအဖွဲ),GenerationZ Army(GZA), Giant Revolution Force(GRF), Harmonious Northern Brothers(HNB), Kalay Revolution Force(KRF), Kalay Urban Guerrilla( Kalay UG), National Liberation Army(NLA), Revolution Ambulance Wolf(RAW Medical Team), Sagaing Federal Troop(SFT-စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု),Yaw Defense Force(YDF), Zo Army(ZA)၊ ကလေးခရိုင် ပကဖ နဲ့ Drone အဖွဲ့တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပြီး အာရက္ခတပ်တော် (AA) က စစ်ရေးအကြံဉာဏ်နဲ့ ခဲယမ်းလက်နက်ပံ့ပိုးမှုတွေပေးခဲ့တယ်လို့ ချင်းညီနောင်ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲအတွင်း Myingyan Black Tiger(MBT)၊မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်းက ရဲဘော် (၇)ဦး ကျဆုံးခဲ့ပြီး ရဲဘော် (၃)ဦး ကိုယ်လက်အင်္ဂါဆုံးရှုးခဲ့ကာ ရဲဘော် (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MBTက ဒီနေ့ ဧပြီ ၂၄ရက် မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
“ရဲဘော်တွေရဲ့ Dead bodyတွေတော့ ကျနော်တို့ပြန်ရတယ်။ ဒါပေမယ့် မြေပြန့်ကိုသယ်လာတဲ့ အခါမှာတော့ ကျတော်တို့ အရိုးပြာအိုးပဲသယ်လာနိုင်ခဲ့တာပါ”လို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက Burma VJကို ပြောပါတယ်။
ဒီတိုက်ပွဲဟာ MBTတပ်ဖွဲ့အနေနဲ့ ပထမဆုံးပါဝင်တိုက်ခိုက်ခဲ့တဲ့မြို့သိမ်းတိုက်ပွဲဖြစ်ပြီး ဒီတိုက်ပွဲကနေ အတွေ့အကြုံများစွာနဲ့ စစ်နည်းဗျူဟာတွေရခဲ့တယ်လို့လည်း ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၈၉ ဦးထဲမှာ ကလေးဒေသတော်လှန်ရေးတပ် (KRF) က ရဲဘော် ၅ ဦးလည်းပါဝင်ခဲ့ပြီး ကျဆုံးခဲ့တဲ့ထဲက ထက်ဝက်နီးပါးဟာ အိမ်ရှင်တပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ရဲဘော်တွေဖြစ်တယ်လို့ သိရပါတယ်။
ဖလမ်းမြို့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်ခဲ့တဲ့ ၅ လတာအတွင်း စစ်ကောင်စီကလေကြောင်းပစ်ကူ အကြိမ် ၁၀၀၀ ကျော်လုပ်ဆောင်ခဲ့ပြီး စစ်အင်အား ဖြည့်တင်းမှု ၂၀၀ကျော်အထိ လုပ်ဆောင်ခဲ့တယ်လို့လည်း ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။







Comments