ဖလမ်းမြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစုကစစ်ကြောင်းတွေကို ကြိုဆို
- BVJ
- May 5
- 1 min read
BVJ/ဇော် - မေ ၅ ၊ ၂၀၂၅

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲရှေ့တန်းကနေ အောင်ပွဲယူပြီးပြန်လာတဲ့ ရဲဘော်တွေ ကြိုဆိုပွဲကို စစ်ကိုင်း အညာဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစု (Sagaing Federal Troops – SFT) က မနေ့က မေ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ရှေ့တန်းကနေပြန်လာတဲ့ရဲဘော်တွေကို စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစုက တာဝန်ရှိသူတွေ ကော်မတီဝင်တွေနဲ့အတူ ဒေသခံပြည်သူတွေက အောင်သပြေတွေ၊ ပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့မှာစတင်ခဲ့ကာ ငါးလအကြာ ၂၀၂၅ ဧပြီ ၇ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီကင်းစင်ပြီဖြစ်တဲ့အကြောင်းကိုတော့ ချင်းညီနောင်က ဧပြီ ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကိုင်းဖဒရယ်တပ်ပေါင်းစုက အမှတ် (၃)၊ အမှတ် (၅) စစ်ကြောင်း နှစ်ကြောင်း ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး ရဲဘော် (၂)ဦးကျဆုံးခဲ့ကာ (၄) ဦး ဒဏ်ရာရရှိခဲ့သလို အခြားတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေလည်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ဖလမ်းမြို့ကို လက်မလွှတ်ရဖို့အတွက် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၁၀၀၀) ကျော်ပြုလုပ်ခဲ့ပြီး စစ်ကူအင်အားအကြိမ်ကြိမ်ဖြည့်တင်းခဲ့တယ်လို့သိရပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစုအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ (၁၆)ဖွဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
Komentáře