ဖယ်ခုံမြို့မှာ သံဃာတစ်ပါးနဲ့ လူပုဂ္ဂိုလ်တစ်ဦး အသတ်ခံရမှုအပေါ် တရားမျှတမှုနဲ့ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်သွားမယ်လို့ IEC ပြော
- BVJ

- Mar 19, 2025
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁၂ ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နားဟီးကျေးရွာအုပ်စု အုံတိုင်းရွာမှာ သံဃာတော်တစ်ပါးနဲ့ လူပုဂ္ဂိုလ်တစ်ဦးကို ဒလန်လို့စွပ်စွဲပြီး ပျားစစ်ကြောင်းက ပစ်သတ်ခဲ့မှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားဥပဒေနဲ့အညီ စီရင်ချက်ချလုပ်ဆောင်နိုင်ဖို့ တွန်းအားပေးဆောင်ရွက်သွားမယ်လို့ ကရင်နီကြားကာလကောင်စီ (IEC) က ပြောပါတယ်။
ဖယ်ခုံမြို့နယ် ရှမ်းကျောင်း ကျောင်းထိုင်ဆရာတော် သက်တော် ၄၇ နှစ်အရွယ် ဦးဓမ္မသာရ (ခ) ဦးဇင်းပိန်နဲ့ ကပ္ပိယဖြစ်သူ စိုင်းဘီး (ခ) အိုက်ပီး (၄၀ နှစ်) တို့ကို မတ်လ ၄ ရက် ညနေပိုင်းမှာ လက်နက်ကိုင်လူတစ်စုက ပစ်သတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ဖြစ်ပွားအပြီး ၅ ရက်အကြာ မတ်လ ၉ ရက်မှာ ရှမ်းကျောင်းဆရာတော်နဲ့ ကပ္ပိယဖြစ်သူတို့ဟာ စစ်ကောင်စီသတင်းပေး ဒလန်ဖြစ်တာကြောင့် ပစ်သတ်ခဲ့ကြောင်း ပျားစစ်ကြောင်းက ဝန်ခံထားပါတယ်။ ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး ပျားစစ်ကြောင်းကို Burma VJ က ဆက်သွယ်မေးမြန်းထားပေမဲ့ လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။
ဒလန်လို့စွပ်စွဲခံရကာ အသတ်ခံရသူနှစ်ဦးနဲ့ပတ်သက်ပြီး တရားဥပဒေကြောင်းအရ စစ်ဆေးမှုတွေမလုပ်ဆောင်ဘဲ ပစ်သတ်ခဲ့မှုအပေါ် လက်သင့်ခံလို့မရကြောင်းနဲ့ မဖြစ်သင့်၊ ဆိုးရွားတဲ့လုပ်ရပ်လည်းဖြစ်တယ်လို့ IEC အထွေထွေအတွင်းရေးမှူးနဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးပလုရယ်ကလည်း Burma VJ ကို ပြောပါတယ်။
“ဒလန်လို့ ယူဆသူ၊ သတင်းပေးသူဆိုရုံမျှနဲ့ အဲသလိုလုပ်လို့မရဘူးပေါ့နော်။ ဆိုလိုတာက တရားဥပဒေကြောင်းအရ စစ်ဆေးတာတွေအဆင့်ဆင့်ပေါ့။ ဒါက သူ့ရဲ့အခွင့်အရေးလည်း ရှိတာကိုး။ ဆိုတော့ အဲသလိုတွေ အဆင့်ဆင့်လုပ်ပြီးတော့မှပဲ တကယ်လို့ မှန်ကန်တယ်ဆိုမှပဲ သူ့ရဲ့ထိုက်သင့်တဲ့ အရေးယူမှုတွေ လုပ်ရမယ်ပေါ့။ ပြီးရင် ရဟန်းသံဃာဖြစ်တဲ့အတွက် ဒါ ဝိနည်းနဲ့အညီ ဘယ်လိုစစ်ဆေးရမလဲဆိုတဲ့ကိစ္စတွေလည်း ရှိသေးတာကိုး။ ဒါကြောင့် ယူဆရုံသက်သက်နဲ့ ဒလန်လို့သတ်မှတ်ပြီး အခုလို လုပ်လိုက်တာကတော့ မဖြစ်သင့်တဲ့လုပ်ရပ်၊ အတော်လေးလည်း ဆိုးဆိုးရွားရွား ဖြစ်သွားတာမျိုးဖြစ်တယ်။ လက်သင့်ခံလို့မရတဲ့ကိစ္စတစ်ခုလည်း ဖြစ်တယ်” လို့ ခူးပလုရယ်က ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံခဲ့ရသူ ရှမ်းကျောင်းဆရာတော်နဲ့ပတ်သက်ပြီး IEC ကလည်း အသေးစိတ်စုံစမ်းဖော်ထုတ်မှုတွေ လုပ်ဆောင်သွားမယ်လို့ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။ ရှမ်းကျောင်းဆရာတော်ဟာ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးသာဖြစ်တယ်လို့လည်း ဖယ်ခုံဒေသခံအချို့ကလည်း Burma VJ ကို ပြောပါတယ်။
“ကျွန်တော်တို့ သိထားရသလောက်က အဲ့ဦးဇင်းက စစ်ဘေးရှောင်တွေကို ကူညီနေတာ။ ဒလန်လုပ်တယ်လို့ မကြားမိဘူး။ သူတို့ စွပ်စွဲသလို ဒလန်ဆိုရင်တောင် စစ်ဆေးမေးမြန်းတာမျိုး လုပ်သင့်တယ်။ အခုလို ပစ်သတ်လိုက်တာက အတော်ဆိုးရွားလွန်းတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖယ်ခုံဒေသခံတစ်ဦးကလည်း ပြောပါတယ်။
အရပ်သားအပေါ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြစ်မှုကျူးလွန်ပါက အရပ်ဘက်တရားရုံးကနေ စစ်ဆေး ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို အများပြည်သူ့ရှေ့မှာ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း IEC က ပြောပါတယ်။ စစ်ကောင်စီသတင်းပေး ဒလန်လို့ စွပ်စွဲခံရသူ၊ ယူဆရသူ ဘယ်သူ့ကိုမဆို ဖမ်းဆီးအရေးယူဖို့လုပ်ဆောင်ပါက လိုက်နာရမယ့်ဥပဒေတွေ၊ ကျင့်ဝတ်တွေရှိနေပြီး ဥပဒေမဲ့လုပ်ဆောင်တာမျိုးဟာ မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။
ပျားစစ်ကြောင်းတပ်ဖွဲ့အနေနဲ့ NUG MOD လက်အောက်မှာရှိနေပါက NUG နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ IEC ပြောကြားထားပြီး NUG လက်အောက်ခံအဖွဲ့အစည်းမဟုတ်ပါက ဖယ်ခုံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး တရားမျှတမှုနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်လို့လည်း ခူးပလုရယ်က ပြောထားပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ ပျားစစ်ကြောင်းတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံအဖွဲ့အဖြစ် လျှောက်ထားတာမျိုးရှိပေမဲ့ အတည်မပြုရသေးဘူးလို့လည်း သိရပါတယ်။




Comments