ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်းအစိုးရက ကော့သောင်းဘက် ပြန်ပို့
- BVJ

- Feb 25, 2025
- 1 min read
မြန်မာနိုင်ငံဘက်ပြန်ရောက်လာတဲ့ အမျိုးသားတွေကို တပ်သားသစ်အဖြစ် စစ်ကောင်စီကစုဆောင်းနေ
BVJ/Moore _ ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၅

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးမိထားတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၂၀၀)ကို ထိုင်း-မြန်မာနယ်စပ် ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်ကနေတဆင့် မနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထိုင်းအာဏာပိုင်တွေက ပြန်ပို့လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။
အမျိုးသား (၁၉၈)ဦးနဲ့ အမျိုးသမီး( ၂)ဦးတို့ကို ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ခြမ်းကို ပြန်လည်လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို စက်လှေ ၁၄ စင်းနဲ့ ခေါ်ဆောင်ခဲ့ပြီး နေရပ်ပြန်ပို့တဲ့အစီအစဉ်မှာ ထိုင်းနိုင်ငံ ရေကြောင်းထိန်းသိမ်းရေး ကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးနဲ့ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတွင်း ပြည်နယ်အနှံ့က ဖမ်းဆီးရမိတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းတွေကို နေရပ်ပြန်ပို့ချိန် မြန်မာလူငယ်အများစုဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းခေါ်ဆောင်မှုရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကနေ ထိုင်းနိုင်ငံဘက်ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခံရတဲ့ မြန်မာ (၁၈၆)ဦးထဲက လူငယ်အများစုကို စစ်ကောင်စီက အဓမ္မစစ်မှုထမ်း ခေါ်ဆောင်ခဲ့ပါသေးတယ်။
ဒါ့အပြင် ၂၀၂၄ စက်တင်ဘာလအတွင်းကလည်း ရနောင်း - ကော့သောင်းနယ်စပ်ဂိတ်ကနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက လူငယ်အများစု အဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခံရချိန် စက်လှေနဲ့ထွက်ပြေးခဲ့ပြီး (၂၇)ဦး လွတ်မြောက်ခဲ့ကာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ ထံ ရောက်ရှိခိုလှုံခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ အထောက်အထားမဲ့ မြန်မာတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားစုဆောင်းဖို့ ပို့ဆောင်ပေးနေသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၄ စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ စစ်တပ်အာဏာသိမ်းကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရပြီး စစ်မှုထမ်းရှောင်ဖို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရအနေနဲ့ ကူညီစောင့်ရှောက်ပေးဖို့ကိုလည်း NUCC က တောင်းဆိုထားပါတယ်။










Comments