ဖားကန့်မြို့နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့တယ်လို့ KIA ပြော
- BVJ

- Jan 13, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၃ ၊ ၂၀၂၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခါကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဒေသခံပြည်သူတွေနေထိုင်ရာ ကျေးရွာတွေနဲ့ ကျောက်စိမ်းလုပ်ကွက်နေရာတွေကိုပါ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
“ဒီနေ့ မနက်ပိုင်း ၁၀ နာရီကျော်ချိန် ဗုံးကြဲတဲ့ဖြစ်စဉ် ရှိပါတယ်။ ပြည်သူလူထုတွေနေတဲ့နေရာကို ကြဲတာ။ ရပ်ကွက်တွေမှာပေါ့။ ဘောလုံးကွင်းတို့၊ ကျောင်းတိုက်နေရာတွေမှာလည်း ကျတယ်။ ကျွန်တော် ရရှိထားတဲ့စာရင်းကတော့ ၇ ဦး သေဆုံးတယ်ဆိုတာ ရရှိထားပါတယ်။ ၂၀ လောက်က ဆေးရုံရောက်တယ်လို့တော့ စာရင်းရထားပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူကလည်း Buram VJ ကို ပြောပါတယ်။
စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ မဇွပ်ယန်ရွာနဲ့ ဆန်ခါကျေးရွာအကြားကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကျောက်စိမ်းလုပ်ကွက်နေရာတွေကိုပါ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု များခဲ့တာဖြစ်တယ်လို့လည်း ကချင်ဒေသတွင်း သတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။
အခုလ ဇန်နဝါရီ ၁၁ ရက်ကလည်း တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ တနိုင်းမြို့နယ် စန်လွန်ကျေးရွာ ရွှေမှော်ဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အနီးဝန်းကျင်မှာရှိတဲ့ ဈေးဆိုင်တန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။




Comments