ပတ်စ်ပို့အတု ၇၀၀ ကျော်လုပ်ပြီး နိုင်ငံကူးပေးနေသူတွေကို စစ်ကောင်စီဖမ်းမိ
- Zayar Oo
- Jan 7, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၇ ၊ ၂၀၂၅

မြန်မာနိုင်ငံကူးလက်မှတ်အတု (Passport) ၇၃၄ ခုကို သိမ်းဆည်းမိကာ ပတ်စ်ပို့အတုပြုလုပ်သူနဲ့ ပတ်သက်ဆက်နွယ်သူ (၁၄)ဦးကို အမှုဖွင့်အရေးယူမှုတွေ လုပ်ဆောင်နေပြီး (၈)ဦးကို ဖမ်းဆီးမိထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၉ ရက်က ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာ အမှတ် ၁ တံတားကနေတဆင့် ထိုင်းနိုင်ငံအတွင်း ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) နဲ့ သွားရောက်မယ့်သူ (၁၁)ဦးဆီကနေ ပတ်စ်ပို့အတု (၁၁)ခုကို ကနဦး တွေ့ရှိသိမ်းဆည်းမိခဲ့တာပ။
အဲဒီနောက် စစ်မေးမြန်းမှုတွေကနေ ကျောက်တံတားမြို့နယ် One Asia အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီနဲ့ လျမ်းထက် ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတို့က ဝန်ဆောင်ခအသီးသီးရယူကာ ပတ်စ်ပို့အတုတွေ ပြုလုပ်ပေးနေပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို တရားမဝင် လမ်းကြောင်းတွေကနေ ပို့ဆောင်ပေးနေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် လက်ရှိမှာ ပတ်စ်ပို့စာအုပ် အတုပြုလုပ်သူတွေနဲ့ တံဆိပ်တုံးအတု ပြုလုပ်သူ စုစုပေါင်း (၁၄)ဦးကို အမှုဖွင့်အရေးယူထားပြီး (၈)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ ထွက်ဆိုချက်အရ မြန်မာနိုင်ငံတွင်း ပတ်စ်ပို့အတု၊ တံဆိပ်အတုတွေကို အသုံးပြုပြီး ချိတ်ဆက်ဆောင်ရွက်နေတဲ့ ပွဲစားတွေနဲ့အတူ မြဝတီမြို့ကနေတဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကို အသုံးပြုကာ မဲဆောက်မြို့အတွင်း ဝင်ရောက်ခဲ့ကြောင်း၊ အဲဒီနောက် အလုပ်လုပ်ခွင့်လက်မှတ် အတုပြုလုပ်ကာ မဲဆောက်ကနေ ဘန်ကောက်ကို ကားနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။
အဲဒီကနေတဆင့် မလေးရှားနိုင်ငံကို ဆက်သွားဖို့အတွက် ဘန်ကောက် ပြည်တွင်းလေကြောင်းလိုင်းကနေ ပတ်စ်ပို့အတုနဲ့ လေယာဉ်လက်မှတ်ဝယ်ကာ မလေးရှားနယ်စပ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း နရသီဝမြို့ကို လေယာဉ်နဲ့ ပို့ဆောင်ပေးပြီး မလေးရှားနိုင်ငံတွင်းကို တရားမဝင်,ဝင်ရောက်တာဖြစ်ကြောင်း ထွက်ဆိုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်အတုနဲ့ တံဆိပ်အတုပြုလုပ်သူတွေထဲက ထွက်ပြေးတိမ်းရှောင်နေသူတွေကို ဖမ်းဆီးရမိနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။








Comments