ပုလောမြို့ရဲစခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ သေဆုံး
- BVJ
- 4 days ago
- 1 min read
BVJ/ဇော် - မေ ၁၀ ၊ ၂၀၂၅

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက ပုလောမြို့မရဲစခန်းကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ သေဆုံးခဲ့ပြီး လက်နက်နဲ့ ဆက်စပ်ပစ္စည်းအချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပုလောမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက မနေ့ မေလ ၉ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲ ၂ ဦး သေဆုံးခဲ့သလို ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
"ရဲစခန်းမှာတော့ ရဲအင်အား ၂၀ ကျော်ရှိပါတယ်။ စခန်းထဲအထိတော့ မရောက်ခဲ့ပါဘူး။ စခန်းရှေ့ကင်းစခန်းအထိပဲ စီးနင်းနိုင်ခဲ့တာပါ”လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ကိုကောင်းခန့်ကျော်က Burma VJ ကိုပြောပါတယ်။

နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံက G 3 ရိုင်ဖယ် ၁ လက်၊ ကျည် (၂၀၀)၊ ကျည်ဘောက် (၂) ခု နဲ့ အခြားပစ္စည်းအချို့ကို မြိတ်ခရိုင် တပ်ရင်း ၁ က သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
ပုလောမြို့နယ် တောင်ယာကမ်းရွာမှာ တိုက်ပွဲဖြစ်ပွားချိန် တိုက်ပွဲနဲ့သက်ဆိုင်ခြင်းမရှိတဲ့ စမူပြင်ရွာကို ပုလောအခြေစိုက် အမှတ် ၂၈၅ ခြေလျင်တပ်ရင်းက လက်နက်ကြီးနဲ့ ၁၅ ကြိမ် ပစ်ခတ်ခဲ့ပြီး အောက်ပေါင်းကျေးရွာက အရပ်သားပြည်သူ ၅ ဦးကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။
ပုလောမြို့နဲ့ ကပ်လျပ်ရှိနေတဲ့ ထားဝယ်မြို့နယ် ထီးခီးဒေသ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ အုပ်ချုပ်နယ်မြေအတွင်းမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။
Comments