ပုလောမြို့နယ် တပိုရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးပြီး အမျိုးသားနှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား
- BVJ

- Jan 13, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၂ ၊ ၂၀၂၅

တနင်္ဿာရီတိုင်း ပုလောမြို့နယ် တပိုကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ အမှတ် ၂၈၅ ခြေလျင်တပ်ရင်း၊ အမှတ် ၁၇ ခြေလျင်တပ်ရင်းနဲ့ ပျူစောထီး ထုတ်နုတ်အင်အား ၁၂၀ ပါ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က ဇန်နဝါရီ ၁၁ ရက်၊ နေ့လည် ၁ နာရီခွဲဝန်းကျင်မှာ တပိုကျေးရွာအတွင်းကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။
ကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မြိတ်ခရိုင် တပ်ရင်း ၁ PDF ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ အထိနာပြီး ပြန်ဆုတ်ခွာချိန် ကျေးရွာအတွင်းက ဒေသခံနေအိမ် ၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခံရချိန် မြေပြင်တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်က တပိုကျေးရွာနဲ့ သူတို့ ဆုတ်ခွာရာလမ်းတစ်လျှောက်က ရာဘာခြံတွေနဲ့ နေအိမ်အချို့ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် အာနိုးကလည်း Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ပုလောမြို့နယ် တပိုရွာကနေ ပလမြို့ စက်တော်ရာကျေးရွာဘက်ကို ဆုတ်ခွာခဲ့တာဖြစ်ပြီး လမ်းတစ်လျှောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အချို့ ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းအထိ မီးလောင်ကျွမ်းမှုတွေရှိနေသလို ဒေသခံပြည်သူ အမျိုးသား ၂ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ မြိတ်ခရိုင် တပ်ရင်း ၁ အပါအဝင် ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ နဲ့ ပူးပေါင်းတပ်တွေ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းကို အသုံးပြုသွားလာရာမှာ အထူးသတိပြု သွားလာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။












Comments