ပြန်လည်တိုက်ခိုက်ဖို့ကြိုးစားတဲ့ မင်းဘူးပြည်သူ့စစ်ခေါင်းဆောင်နဲ့ အမျိုးသမီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ
- BVJ
- Apr 25
- 1 min read
BVJ/ဇော်_ဧပြီ ၂၅၊ ၂၀၂၅

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ပုပ္ပါးပြောက်ကျားတပ်ဖွဲ့ ဖြစ်တဲ့ Popa Production & Guerilla Force – PPGFက ရှင်းလင်းခဲ့တယ်လို့ ဒီနေ့ ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဗိုလ်မှူးကားလာမယ်လို့ သတင်းရတာကြောင့် ဧပြီ (၂၂) ရက်နေ့မှာ စောင့်ကြိုဖမ်းဆီးချိန်မှာ ကားပေါ်မှာ မကွေးတိုင်း၊မင်းဘူးမြို့နယ် ခလရ (88) လက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးနိုင် (ကိုယ်ပိုင်အမှတ် ၈၈၀၀၈)နဲ့ သူနဲ့ပတ်သက်တဲ့အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာတာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
“ဗိုလ်မှူးလာမယ်လို့ ကားနံပါတ်အတိအကျနဲ့ သတင်းရတာကြောင့် ဝင်စစ်ဆေးတာမှာ ပြည်သူ့စစ်ခေါင်းဆောင်က ကျွန်တော်တို့ဆီက သေနတ်ကိုလုပြီးပြန်လည်တိုက်ခိုက်ဖို့လုပ်တယ်။ သူနဲ့အတူပါလာတဲ့ အမျိုးသမီးကလည်း သူ့အိတ်ထဲမှာပါတဲ့ ဗုံးသီးနဲ့ပစ်ဖို့လုပ်တာကြောင့် ကျွန်တော်တို့ပစ်ခတ်ရှင်းလင်းခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲဘော် (၂) ယောက်လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ Popa Production & Guerilla Force – PPGF က တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ပုပ္ပါးပြောက်ကျားတပ်ဖွဲ့က ရဲဘော်(၂)ဦးလည်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး ဖမ်းဆီးရှင်းလင်းမှုကနေ ကား(၁)စီး၊ ကာဘိုင်ကျည်(၇၉)တောင့်၊ ကျည်ဘောက်(၁)ခု၊ ဗုံးသီး (၁) လုံး၊ Icon (၁) လုံး၊ ဓား(၁)ချောင်း၊ ဖုန်း(၄)လုံးနဲ့ ဝန်ထမ်းကဒ် ဘတ်တံဆိပ် စတာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Comments