ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူတွေထဲက ၆၀၀ ဝန်းကျင်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီ ပြော
- Zayar Oo
- Jan 5, 2025
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၄ ၊ ၂၀၂၅

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၅၈၆၄ ဦးကို ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြာက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ကြေညာထားပါတယ်။ ဒီအထဲမှာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရတဲ့သူ ၆၀၀ ခန့် ပါဝင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“အကျဉ်းသား ၅၈၆၄ ဦးကို ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ အဲအထဲမှာတော့ ၅၀၅ နဲ့ တရားစွဲခံထားရတဲ့သူ ၆၀၀ ဦးခန့် ပါဝင်မှာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံခြားသား ၁၈၀ ဦးကို လွှတ်ပေးခဲ့ပါတယ်။ အများအားဖြင့် ထိုင်းနိုင်ငံသားတွေ ဖြစ်ပါတယ်”လို့ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။
ဒီနေ့ စစ်ကောင်စီ လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရတဲ့အကျဉ်းသားတွေထဲက ၆၀၀ ဦးပါဝင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောပေမဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဒီနေ့ နေ့လည် ၃ နာရီအထိ ထုတ်ပြန်ထားတဲ့ စာရင်းများအရ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၆ ဦးသာ ရှိပါတယ်။
"အခု နေ့လည်မှာ အင်းစိန်ထောင်က လွတ်ငြိမ်းနဲ့လွတ်လာတဲ့သူတွေကို တင်လာတဲ့ကား ၉ စီး ထပ်ထွက်လာတယ်။ ဒါပေမဲ့ ကားအတော်များများဟာ လူ ၄ ယောက်၊ ၅ ယောက်စီပဲ ပါတယ်။ တချို့ကားတွေဆို ၂ ယောက်ပဲ ပါတယ်"လို့ အင်းစိန်အကျဉ်းထောင်အနီး နေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ကျခံဖို့ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်အထိတော့ စစ်ကောင်စီ လွတ်ငြိမ်းခွင့်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ခက်အောင် ပြန်လည်လွတ်မြောက်လာတာ တွေ့ရပြီး တခြားထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတာကို မတွေ့ရသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၈၀၉၆ ဦးအထိရှိခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့အထိ ၂၁၄၉၉ ဦး ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။










Comments