top of page

SCEFမှာ WLBနဲ့အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းတွေက ကိုယ်စားပြုသူတွေပါဝင်မယ်

Writer: BVJ
BVJ
15h
1 min read

မိုနာ/BVJ_စက်တင်ဘာ ၂၁၊ ၂၀၂၆

SCEF ကိုယ်စားလှယ်အဖွဲ့ ၂၀၂၆၊သြဂုတ်လက ဂျပန်နိုင်ငံခရီးစဉ်သွားရောက်ခဲ့စဉ်။
SCEF ကိုယ်စားလှယ်အဖွဲ့ ၂၀၂၆၊သြဂုတ်လက ဂျပန်နိုင်ငံခရီးစဉ်သွားရောက်ခဲ့စဉ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ရဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဏိုင်မှာ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြုကိုယ်စားပြုမှုအဖြစ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းတွေပေါင်းစပ်စုဖွဲ့မှုတို့ကနေကိုယ်စားပြုပြီး အသီးသီးရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်တွေပါဝင်သွားမယ်လို့ ဒီနေ့စက်တင်ဘာ ၂၁ရက်မှာကြေညာပါတယ်။


SCEFရဲ့အမျိုးသမီးမဏ္ဍိုင်ဖော်ဆောင်ရေးအတွက် SCEF အတွင်းရေးမှူးအဖွဲ့နဲ့အမျိုးသမီးနိုင်ငံရေးအဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ SCEFအမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီတို့ အခုလ စက်တင်ဘာ ၁၉ရက်မှာအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အခုလိုဆုံးဖြတ်ချက်ထွက်လာတာဖြစ်ပါတယ်။


အစည်းအဝေးမှာ အချက်(၂)ချက်ကိုသဘောတူခဲ့ကြခဲ့ကြတာဖြစ်ပြီး အဲ့ဒီထဲမှာ အမျိုးသမီးပေါင်းစပ်အဖွဲ့အစည်းတွေက ကိုယ်စားပြုကိုယ်စားလှယ်တွေ SCEFမှာပါဝင်ဖို့နဲ့ ညှိနှိုင်းဆွေးနွေးရမယ့်အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးသွားမယ်ဆိုတာတွေကို သဘောတူခဲ့ကြတာပါ။


အစည်းအဝေးမှာ SCEF အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးမဏ္ဍိုင်နဲ့ပတ်သက်လို့ ဆွေးနွေးပြင်ဆင်ထားချက်တွေကို SCEF အတွင်းရေးမှူးအဖွဲ့က ဒေါ်ဇူးပဒုမ္မာနဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီက ဒေါ်အေးဆောင်၊ နော်ဆဲဆဲတို့ကတင်ပြခဲ့ကြတာဖြစ်တယ်လို့ SCEFကသိရပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (၁၂)ကြိမ်မြောက်ညီလာခံကို ၂၀၂၅၊ဒီဇင်ဘာလကပြုလုပ်ခဲ့ပုံ။(ဓါတ်ပုံ-WLB)
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (၁၂)ကြိမ်မြောက်ညီလာခံကို ၂၀၂၅၊ဒီဇင်ဘာလကပြုလုပ်ခဲ့ပုံ။(ဓါတ်ပုံ-WLB)

ပြီးခဲ့တဲ့ မေလ ၂၅ရက်တုန်းက SCEF ရဲ့အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် ဖွဲ့စည်းရေးကော်မတီ(ယာယီ)ကနေ မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက်(MWPN)အနေနဲ့နုတ်ထွက်ကြောင်း စာထွက်ပေါ်လာခဲ့ပါတယ်။

MWPNနုတ်ထွက်စာ
MWPNနုတ်ထွက်စာ

နုတ်ထွက်စာမှာ နုတ်ထွက်ရတဲ့အကြောင်းရင်း(၅)ချက်ကိုဖော်ပြထားပြီး အဲ့ဒီထဲမှာ အမျိုးသမီးအစုအဖွဲ့ ၇ ခုအကြားမှာတန်းတူညီမျှမှုမရှိဘဲ တဖွဲ့ထဲကိုသာသီးခြားအခွင့်အရေးပေးခြင်း၊ ကိုယ်စားလှယ်အမည်တင်သွင်းခြင်းမရှိ၊ အစည်းအဝေးတက်ရောက်ခြင်းမရှိတဲ့ အဖွဲ့အစည်းအတွက်သာ အတွင်းရေးမှူးနေရာကိုသီးသန့်ချန်လှပ်ထားပြီး မဲပေးရွေးချယ်တဲ့လုပ်ငန်းစဉ်ဟာ ဒီမိုကရေစီနဲ့မကိုက်ညီခြင်း စတာတွေကြောင့်လို့ပါရှိပါတယ်။


ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်မျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)တို့နဲ့ SCEFကို ၂၀၂၆၊မတ်လ ၃၀ရက်မှာဖွဲ့စည်းထားတာပါ။

SCEFကို “ပြည်နယ်/ဖက်ဒရယ်ယူနစ်/ERO အစုဖွဲ့”၊ “ပြည်သူ့ကိုယ်စားပြုအစုဖွဲ့” နဲ့ “အမျိုးသမီးကိုယ်စားပြုအစုဖွဲ့” ဆိုတဲ့မဏ္ဍိုင်သုံးခုနဲ့ဖွဲ့စည်းတည်ထောင်ထားကာ အဲ့ဒီထဲကတခုဖြစ်တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက်လည်း တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေပြီး လက်ရှိမှာ မကွေး၊စစ်ကိုင်း၊မန္တလေး ဖက်ဒရယ်ယူနစ်တွေပါဝင်လာပြီဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page