ပြည်သူတွေကိုစောင့်ကြည့်ထောက်လှမ်းရာမှာ စစ်အုပ်စုအသုံးပြုတဲ့ MOBILedit Forensic Pro ဆော့ဖ်ဝဲလ်ရောင်းချခဲ့တဲ့ ချက်ကုမ္ပဏီကို စုံစမ်းစစ်ဆေးပေးဖို့ JFM တောင်းဆို
- BVJ
- Apr 24
- 1 min read
BVJ/Moore _ ဧပြီ ၁၆ ၊ ၂၀၂၅

မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဖမ်းဆီးနှိပ်စက်မှု၊ စောင့်ကြည့်ထောက်လှမ်းမှုတွေလုပ်ဆောင်ရာမှာ စစ်ကောင်စီ အသုံးပြုနေတဲ့ MOBILedit Forensic Pro နည်းပညာဆော့ဖ်ဝဲလ်နဲ့ပတ်သက်ပြီး ချက်ကုမ္ပဏီ Compelson ကို စုံစမ်းစစ်ဆေးဖို့ Justice Form Myanmar က တောင်းဆိုကြောင်း ဒီနေ့ ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
MOBILedit Forensic Pro နည်းပညာဟာ မြန်မာပြည်သူတွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်ထောက်လှမ်းတာ၊ ဖုန်း၊ Tablet တို့ထဲက ဖျက်ထားပြီးသား အချက်အလက်တွေကို ပြန်လည်ဖော်ယူနိုင်တာ၊ လုံခြုံရေးစနစ်တွေကို ဖြတ်ကျော်ဝင်ရောက်တာမှာ အသုံးပြုတာဖြစ်ပြီး စစ်ကောင်စီက လက်ရှိအချိန်အထိ ဒီဆော့ဖ်ဝဲလ်ကို အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
MOBILedit Forensic Pro နည်းပညာဆော့ဖ်ဝဲလ်ကို စစ်တပ်အာဏာမသိမ်းခင်က မြန်မာအစိုးရထံ ရောင်းချခဲ့တာဖြစ်တယ်လို့ Compelson ရဲ့ပိုင်ရှင်ဖြစ်သူ Dušan Kožušník က ချက်ပြည်သူ့ရုပ်သံ Český rozhlas Radiožurnál နဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေထံကနေ ဖုန်းတွေကို စစ်ကောင်စီက သိမ်းယူခဲ့တာမျိုးတွေလည်းရှိခဲ့ပါတယ်။ MOBILedit Forensic Pro နည်းပညာဆော့ဖ်ဝဲလ်ကို လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က အသုံးချခွင့်ရနေပြီး ပြည်သူတွေကို ပစ်မှတ်ထားစောင့်ကြည့်ထောက်လှမ်းတာ၊ ဥပဒေမဲ့ဖမ်းဆီးတာတွေမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အသုံးချခွင့်ရနေတာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်း ၂၀၂၁ နောက်ပိုင်းမှာလည်း Compelson ကုမ္ပဏီက စစ်အုပ်စုရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာရာဇဝတ်မှုဌာနထံ MOBILedit Forensic Pro ကို လိုင်စင်သက်တမ်းတိုးဖို့ အီးမေးလ်အကြိမ်ကြိမ် ပို့ဆောင်ခဲ့တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းကလည်း Compelson ကုမ္ပဏီရဲ့ နိုင်ငံတကာစီးပွားရေးဖွံ့ဖြိုးမှု ဝန်ထမ်းတစ်ဦးက စစ်အုပ်စု ရဲတပ်ဖွဲ့ထံပေးပို့ခဲ့တဲ့ အီးမေးလ်ထဲမှာ Applel Watch နာရီကနေ တိုက်ရိုက်ဖတ်ရှုတာမျိုး လုပ်ဆောင်နိုင်ဖို့နဲ့ Linux ၊ Android တို့ရဲ့ အားနည်းချက်ဟာကွက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်ဖို့အတွက် MOBILedit Forensic Pro ကို အဆင့်မြှင့်တင်ဖို့လည်း တိုက်တွန်းထားသေးတယ်လို့ JFM က ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုတွေရှိနေချိန် ချက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Compelson က MOBILedit Forensic Pro ကို စစ်ကောင်စီ ဆက်လက်အသုံးပြုခွင့်ပေးနေမှုအပေါ် JFM က ဝေဖန်ထောက်ပြခဲ့ပြီး ဒါဟာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပို့ကုန်တင်သွင်းတားမြစ်ထားတဲ့အရေးယူမှုတွေကို ချိုးဖောက်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာရောင်းချထောက်ပံ့ခြင်းနဲ့ ဝန်ဆောင်မှုပေးခြင်းအတွက် ချက်ဥပဒေ၊ အီးယူဥပဒေတို့ကို Compelson ကုမ္ပဏီအနေနဲ့ ချိုးဖောက်ခဲ့ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးဖို့ကိုလည်း JFM က တောင်းဆိုထားပါတယ်။
Comments