ပြည်နယ်နဲ့တိုင်း ငါးခုမှာ ရေကြီးရေလျံမှုတွေဖြစ်ပြီး အရပ်သားသေဆုံးမှုတွေရှိလာ
- BVJ

- Jul 29
- 1 min read
BVJ/ ဂျိုး၊ ဇူလိုင် ၂၉၊ ၂၀၂၅

မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ပြည်နယ်ငါးခုက မြို့နယ်တော်တော်များများမှာ ဒီရက်ပိုင်းအတွင်း ရေကြီး ရေလျှံမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ၊ နေအိမ်အဆောက်အဦးပျက်စီးတာတွေ ရှိနေပါတယ်။
လက်ရှိရေကြီးရေလျံမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲကတခုဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်းတယမြို့နယ်အတွင်းမှာ တောင်ကျရေကြောင့် ကုန်းစောင်းကျေးရွာတရွာလုံး ရေလွှမ်းသွားသလို ဒေသခံပြည်သူ ၈ ဦး ရေစီးနဲ့အတူ မျောပါသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ရှမ်းပြည်နယ်အတွင်းက တာချီလိတ်မြို့နယ်နဲ့ကလောမြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ရက်လောက်ကစပြီးတော့ ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဒေသခံလူမှုကူညီရေးအသင်း တွေဆီကသိရပါတယ်။
ကရင်ပြည်နယ်အတွင်းကမှာတော့ သောင်းရင်းမြစ်ရေနဲ့ သံလွင်မြစ်ရေတွေဟာစိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီး မြဝတီနဲ့ဘားအံမြို့နယ်အတွင်းက မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံမှု တွေရှိနေတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြောက်ဦးနဲ့ မင်းပြားမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ကျော်လောက်မှာ လည်း လက်ရှိရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေကြရပြီး ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေနေထိုင်စား သောက်ရေးအခက်ကြုံနေကြရတယ်လို့ ဒေသခံတွေပြောဆိုကြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောစတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လအကုန်ပိုင်းလောက်က ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၉၀ကျော်ကရေးဘေးသင့်လူဦးရေ ၁၂၀၀၀ကျော်အတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ လူသားချင်းစာနာထောက် ထားရေးနဲ့ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းစတဲ့ ဒေသတွေကမြို့နယ်တော်တော်များများမှာ ရေကြီးရေလျံမှုတွေရှိနေကြီး မြစ်ကမ်းအနီးနဲ့အနိမ့်ပိုင်း တွေမှာ နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာကိုရွေ့ပြောင်းကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ-ရေကြီး၊တောင်ကျရေပြိုကျမှုတွေအတွင်း ကူညီကယ်ဆယ်ရေးပြုလုပ်နေပုံများ(ဓါတ်ပုံ-MFS)







Comments