မဟာမိတ်ချစ်ကြည်မှုနဲ့အချင်းချင်းဖေးမမယ်လို့ ညီနောင်နှစ်ဖွဲ့ပြော
- BVJ

- Apr 10
- 1 min read
မိုနာ/BVJ_ဧပြီ ၁၀၊ ၂၀၂၆

ဒီနေ့ ဧပြီ ၁၀ရက်နေ့မှာ အာရက္ခတပ်တော်-AAတပ် (၁၇)နှစ်မြောက်ဖြစ်ပြီး အဲ့ဒီအတွက် ကိုးကန့်တပ်-MNDAAနဲ့တအာင်းတပ်-TNLAအပါအဝင် လက်ရှိတော်လှန်ရေးမှာပါဝင်တိုက်ခိုက်နေကြတဲ့ တပ်ဖွဲ့တွေက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။
MNDAAနဲ့TNLAတို့က ပူးတွဲပေးပို့တဲ့သဝဏ်လွှာထဲမှာ ရခိုင်ပြည်မြို့နယ်အားလုံးနီးပါးထိန်းချုပ်ထားနိုင်တဲ့ အေအေတပ်ဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ အဘက်ဘက်က နိုင်ငံရေး၊စစ်ရေးဖိအားတွေကိုရင်ဆိုင်ကျော်လွှားပြီး ရခိုင်ပြည်သူတွေအတွက်သာမက မြန်မာပြည်သူလူထုတရပ်လုံးလွတ်မြောက်ရေးအတွက် ကူညီဖြည့်ဆည်းပေးခဲ့တာကို ဂုဏ်ယူဝမ်းမြောက်ကြောင်းဖော်ပြထားပါတယ်။
ဒါ့အပြင် မိမိတို့ညီနောင်မဟာမိတ်တို့အနေနဲ့ ညီအကိုရင်းပမာတော်လှန်တိုက်ပွဲတွေများစွာ အတူဆင်နွှဲခဲ့သလို အနာဂတ်မှာလည်း ညီနောင်မဟာမိတ်ပီပီ ချစ်ကြည်ရင်းနှီးမှုမပျက်ဘဲ အချင်းချင်းဖေးမတွဲကူပြီး တော်လှန်ရေးရည်မှန်းချက်ရောက်တဲ့အထိ အတူတကွကြိုးပမ်းသွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။
MNDAAနဲ့TNLAဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့မတ်လအတွင်းက MNDAAကစတင်ထိုးစစ်ဆင်ရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် MNDAAကကွတ်ခိုင်မြို့ကိုထိန်းချုပ်သွားခဲ့ပါတယ်။
ညီနောင်မဟာမိတ်အချင်းချင်း အခုလိုဖြစ်ပွားမှုအပေါ်ဝေဖန်မှုတွေရှိခဲ့ပြီးနောက် AAတပ်ဖွဲ့အတွက်ဂုဏ်ပြုသဝဏ်လွှာကို ပူးတွဲပေးပို့လာတာမြင်တွေ့ရတာဖြစ်ပါတယ်။
အေအေတပ်မွေးနေ့ကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး အထူးလှုပ်ရှားတပ်မ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA၊ PRA-မကွေး၊ အရှိုချင်းကာကွယ်ရေးတပ်-ACDF၊ ကျောင်းသားလက်ရုံးတပ်တော်-SAF၊ ဧရာဝတီပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့-ASDFစတဲ့တပ်ဖွဲ့တွေကလည်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

BPLAရဲ့သဝဏ်လွှာထဲမှာတော့ အာရက္ခတပ်တော်ရဲ့ စစ်ပညာသင်ကြားပေးခြင်း၊ လိုအပ်တဲ့အကူအညီပေးခြင်းတို့နဲ့ လက်ရှိတိုက်ပွဲတွေမှာအတူတကွပါဝင်ခွင့်ပေးခြင်းတို့အတွက် ကျေးဇူးအထူးတင်ကြောင်းတို့ကိုဖော်ပြထားပါတယ်။




Comments