ငြိမ်းချမ်းရေးဦးစားပေးမယ်လို့ စစ်ခေါင်းဆောင်ဆို
- BVJ

- 4 days ago
- 1 min read
မိုနာ/BVJ_ဧပြီ ၁၀၊ ၂၀၂၆

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးရေးကိုဦးစားပေးလုပ်မယ်လို့ သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကပြောပါတယ်။
ဒီနေ့ ဧပြီ ၁၀ရက်ကကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်မှာ စစ်ခေါင်းဆောင်သမ္မတအဖြစ် ကျမ်းကျိန်အပြီးပြန်အထွက်မှာ သမ္မတအဖြစ်ပထမဆုံးလုပ်မယ့်အလုပ်ကိုမေးမြန်းရာမှာ အခုလိုဖြေခဲ့တာဖြစ်ပါတယ်။
“ဒါကိုပဲဦးစားပေးပြီးလုပ်သွားမှာပါ။ အားလုံးခြုံကြည့်ရင် ဒီတချက်ပဲရှိပါတယ်။ ငြိမ်းချမ်းရေး၊အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပဲ”လို့ စစ်ခေါင်းဆောင်ကပြောခဲ့တာပါ။
ဒါ့အပြင် ဒီနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်မှာ စစ်အစိုးရအဖွဲ့သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းပြောခဲ့ပါသေးတယ်။
အဲ့ဒီထဲမှာလည်း ပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့လွှတ်တော်ကနေ သူ့ကိုသမ္မတအဖြစ်ရွေးချယ်ပေးလို့ ပြည်သူ့ဆန္ဒကိုလေးစားတယ်လို့လည်းဆိုပါတယ်။
ပြီးတော့အဲ့ဒီမိန့်ခွန်းထဲမှာ ပြည်သူကရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDကိုပုတ်ခတ်ပြောဆိုခဲ့ပါသေးတယ်။
“၂၀၂၀ပြည့်အထွေထွေရွေးကောက်ပွဲ အဲ့ဒီအချိန်ကအာဏာရပါတီဟာ အလွန်ရုပ်ဆိုးအကျဉ်းတန်တဲ့မဲမသမာမှုတွေကိုပြုလုပ်ခဲ့တာကြောင့် ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲတခုမဖြစ်ခဲ့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကိုပျက်ယွင်းစေတဲ့ မရိုးသားတဲ့နိုင်ငံရေးတရပ်ကိုလုပ်ဆောင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီအေးချမ်းစွာဖြေရှင်းနိုင်ဖို့ အဆင့်ဆင့်အကြိမ်ကြိမ်ညှိနှိုင်းမေတ္တာရပ်ခံတောင်းဆိုခဲ့ပေမယ့်လည်း တောင်းဆိုချက်တွေကိုလျစ်လျူရှုပြီး မဲမသမာမှုအတွက်ဖြေရှင်းချက်မပြုရသေးဘဲ လွှတ်တော်ခေါ် နိုင်ငံတော်အာဏာကိုမတရားတဲ့နည်းလမ်းနဲ့ အဓမ္မရယူဖို့လုပ်ဆောင်ခဲ့ကြပါတယ်”
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာစသိမ်းတဲ့ကာလကနေ ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာကျမ်းကျိန်ပြီး သမ္မတဖြစ်လာတဲ့အထိကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDကိုပုတ်ခတ်ပြောဆိုမှုတွေ တောက်လျောက်လုပ်လေ့ရှိပါတယ်။
စစ်တပ်အာဏာသိမ်းငါးနှစ်တာအတွင်း အထိမ်းအမှတ်နေ့တွေ၊ နိုင်ငံတကာဧည့်သည်တွေနဲ့တွေ့ဆုံချိန် ၊သူ့ရဲ့မိန့်ခွန်းတွေနဲ့တပ်တွင်းစည်းရုံးရေးခရီးစဉ်တွေမှာ ဒီအကြောင်းဟာမပါမဖြစ် အရင်ဦးဆုံးထုတ်ပြောလေ့ရှိတဲ့အကြောင်းအရာဖြစ်လာပါတယ်။
စစ်ခေါင်းဆောင်ရဲ့ဒီနေ့မိန့်ခွန်းထဲမှာ ထိုက်သင့်တဲ့လွတ်ငြိမ်းအတွက် စဉ်းစားပေးမယ်လို့လည်း ထည့်သွင်းပြောသွားတာတွေ့ရပါတယ်။

ဒါ့အပြင် ဒီနေ့လွှတ်တော်မှာအာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ်ကျမ်းကျိန်ဖို့ရောက်ရှိလာတာကို ပြည်ထောင်စုလွှတ်တော်နာယက အောင်လင်းဒွေးက အသွား၊အပြန် ကြိုဆိုဦးညွတ်နေသလို အပြန်မှာလည်းတံခါးဝထိလိုက်ပို့တာကိုလည်းမြင်တွေ့ရပါတယ်။

ဒီနေ့လွှတ်တော်အပြီးမှာပဲ ဒုတိယစစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဦးစိုးဝင်းကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနဲ့ အရင်ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို အတွင်းရေးမှူးအဖြစ်နဲ့ ကောင်စီဝင်တွေအဖြစ် ဒေါ်ဒွဲဘူ၊ဒေါက်တာရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊မန်းငြိမ်းမောင်၊ ဦးဇော်အေးမောင်၊ ဦးသန်းဆွေ၊ဦးကိုကိုလှိုင်၊ဦးမိုးအောင်တို့ကို ခန့်အပ်လိုက်ကြောင်းလည်း စစ်ခေါင်းဆောင်လက်မှတ်ရေးထိုးထုတ်ပြန်လာပါတယ်။
ဓါတ်ပုံ-ဒီနေ့လွှတ်တော်မှာမြင်တွေ့ရတဲ့ စစ်ခေါင်းဆောင်




Comments