“ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ”ဖြစ်မြောက်အောင် တိုက်တွန်းနေတဲ့အပေါ် NUGရဲ့သဘောထား ထုတ်ပြောလာ
- BVJ
- Apr 24
- 1 min read
BVJ/ယူဂရင်း_ ဧပြီ ၂၃၊ ၂၀၂၅

မြန်မာနိုင်ငံ မြေငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး“ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ” ပေါ်ပေါက်လာဖို့ နိုင်ငံတကာကတိုက်တွန်းနေတာတွေ အမြောက်အမြားရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
“လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံတကာကနေ မြေငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး “ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ” ပေါ်ပေါက်လာဖို့ တိုက်တွန်းနေတာတွေ အမြောက်အမြားရှိလာကြောင်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့ဆိုတဲ့ကိစ္စကို အစဉ်တစိုက် လိုလားကြောင်း ပြောကြားချင်ပါတယ်။ ဒါ့ကြောင့်လည်း မိမိတို့အစိုးရဟာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး မကြာခင်မှာ “မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှအပ၊ အပစ်အခတ်ရပ်စဲဖို့” ပထမဆုံး ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူလူထုရဲ့ အဓိက လိုလားချက်တွေကို လျစ်လျှူမရှုဖို့တော့ ကျွန်တော်တို့ အားလုံး အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်”လို့ ဒီနေ့ပြုလုပ်တဲ့ NUGအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားတာပါ။
ဒါ့အပြင် “ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း “စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပေါ် ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြဖို့” ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ စစ်ကောင်စီအနေနဲ့လည်း မိမိကိုယ်ကို ပြန်လည် သုံးသပ်နိုင်ဖို့ လိုတာက “မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး” ဆိုတာ နှစ်ပေါင်း (၇၀) ကျော်ကြာ၊ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်” လို့ ယာယီသမ္မတက ဆက်ပြောပါတယ်။
ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း နိုင်ငံတကာရဲ့အခင်းအကျင်းကို ကြိုတင်တွက်ဆထားကြဖို့ NUGအစိုးရအဖွဲ့ကို မှာကြားပါတယ်။
“နိုင်ငံတကာရဲ့ ဖိအားကလည်း ငလျင်ကို အကြောင်းပြုပြီး ပိုမိုများလာနိုင်ဖွယ် ရှိပါတယ်။ အခုဆိုရင် အာဆီယံဘက်ကတော့ အင်တိုက်အားတိုက် စီမံဆောင်ရွက်လာတဲ့ အခြေအနေတွေကိုတော့ အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ နောက်ထပ်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာရဲ့ အခင်းအကျင်းတွေကိုလည်း ကျွန်တော်တို့ဘက်က ကြိုတင်တွက်ဆထားဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်”
အချိန်ကအကန့်အသတ်ဖြစ်လာပြီဖြစ်တဲ့အတွက် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချစီမံကြဖို့ကိုလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
တိုက်ခိုက်မှုတွေရပ်တန့်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အခုဧပြီ လဆန်းပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့အစည်းအဝေးတခုမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က တိုက်တွန်းခဲ့ပါသေးတယ်။
Comments