top of page

“ပေးဆပ်ခြင်းတွေနဲ့ ဖန်တီးခဲ့တဲ့ တော်လှန်ရေး သစ်ရွက်လေးတွေ”

  • Writer: BVJ
    BVJ
  • Feb 13
  • 2 min read

ဇေယျာဦး


Leaf Art ပန်းချီ ရေးဆွဲဖန်တီးသူ ကိုမင်းသက်ထက်အောင် (Photo: BVJ)
Leaf Art ပန်းချီ ရေးဆွဲဖန်တီးသူ ကိုမင်းသက်ထက်အောင် (Photo: BVJ)

မွေးရာပါ‌သွေးကင်ဆာရောဂါ ခံစားနေရပေမဲ့ စစ်အာဏာရှင်တော်လှန်ရေးကာလတစ်လျှောက် မြေပြင်ရဲဘော်တွေနဲ့အတူ ရှိနေပြီး ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်နဲ့ နောက်ကွယ်ကနေ အထောက်အပံ့ပေးနေသူတစ်ဦး ကရင်ပြည်နယ် Cobra Column 2 Venom စစ်ကြောင်းမှာ ရှိနေပါတယ်။


ကိုယ့်ရဲ့ပုံတူလေးကို သစ်ရွက်ခြောက်လေးပေါ်မှာ ရေးဆွဲထားတာကို အမြတ်တနိုး ဂုဏ်ယူပြီး သိမ်းဆည်းထားကြတာ၊ လူမှုကွန်ရက်မှာ ဖော်ပြတာတွေ မကြာခဏ တွေ့နေရမှာပါ။ ဒီသစ်ရွက်ပေါ်က ပုံတူပန်းချီလေးတွေကို ရေးဆွဲပေးသူကတော့ အသက် ၃၉ နှစ်အရွယ် ပိန်ပိန်ပါးပါးနဲ့ ဆရာသက်လို့ ခေါ်ကြတဲ့ ကိုမင်းသက်ထက်အောင်ပါပဲ။ သူက Cobra Column 2 Venom မှာ စစ်ကြောင်းအကြံပေးအရာရှိတစ်ဦးအနေနဲ့လည်း လက်ရှိတာဝန်ထမ်းဆောင်နေပါတယ်။


သူဖန်တီးရေးဆွဲထားတဲ့ သစ်ရွက်တွေနဲ့ ပန်းချီကားတွေနဲ့ သစ်ရွက်ပေါ်က ပုံတူပန်းချီတွေနဲ့အတူ THE LADDER OF REVOLUTION ဆိုပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့က Boderline မှာ တစ်ကိုယ်တော် ပန်းချီပြပွဲကို အခုလ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပနေတာလည်း ဖြစ်ပါတယ်။ သစ်ရွက်၊ ပန်းပွင့်တွေနဲ့ ဖန်တီးရေးဆွဲထားတဲ့ ပန်းချီပြပွဲမှာ နိုင်ငံခေါင်းဆောင်နဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ပုံတူသစ်ရွက်ပန်းချီကားတွေလည်း ပြသထားပါတယ်။


“Leaf Art ကို ဖန်တီးတာက ဒီလိုမျိုးဗျ။ ကျွန်တော်က အရင်ကတည်းက ပန်းချီဆွဲတယ်။ ကျွန်တော်တို့ စစ်ကြောင်း ရဲဘော်တွေက‌ မြေပြင်မှာ အရမ်းအလုပ်လုပ်ကြတယ်။ ဒါပေမဲ့ လိုင်းပေါ် သိပ်မတင်ကြဘူး။ တကယ်လို့ ရှေ့တန်းထွက်မယ်ဆိုရင်လည်း ပေါင်နှံ၊ ချေးငှားပြီး ရှေ့တန်းထွက်ရတယ်။ သူတို့တွေက မပြည့်စုံဘူး။ သူတို့ကိုကြည့်ပြီးတော့လည်း အရမ်းအားနာတယ်။ သနားလည်း သနားတယ်။ သူတို့က သူတို့ရဲ့ဘဝတွေ၊ အသက်တွေ ပေးထားရတာ။ ငါ့ရဲ့ Art တွေနဲ့ ငါ ဖန်တီးဦးမှပဲဆိုပြီးတော့ Pressed-Flower Art တွေနဲ့ တောက်လျှောက်ဖန်တီးတာ။ အဲဒီကရတဲ့ ငွေနဲ့မှ စစ်ကြောင်းတွေကို ကျွန်တော် ထောက်ပံ့ပေးနိုင်တယ်၊ တခြားစစ်ကြောင်းတွေကိုလည်း ထောက်ပံ့ပေးတယ်” လို့ ကိုမင်းသက်ထက်အောင်က တက်တက်ကြွကြွနဲ့ ရှင်းပြပြောပြပါတယ်။


ဒီလိုထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားပေမဲ့ နေ့စဉ်လိုအပ်ချက်တွေရှိနေတာကြောင့် တော်လှန်ရေးရဲဘော်တွေအတွက် နေ့စဉ်ဝင်ငွေ အထောက်အပံ့ရစေနိုင်ဖို့အတွက် Leaf Art နဲ့ ပုံတူပန်းချီလေးတွေ ရေးဆွဲဖို့ ဆရာသက်တစ်ယောက် စတင်ကြိုးစားလာပါတယ်။ ပထမဦးဆုံး စတင်ချိန်က အခက်အခဲတွေ များစွာကြုံခဲ့ရသလို ရဲဘော်တွေအတွက် အများကြီး ရုန်းကန်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် ပုံတူလာအပ်တဲ့ ဘယ်သူ့ကိုမဆို ရေးဆွဲပေးပြီး အဲဒီကနေရတဲ့ အကျိုးအမြတ်ကနေ ရဲဘော်တွေနဲ့ စစ်ကြောင်းတွေအတွက် ထောက်ပံ့ပေးနိုင်အောင် ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။




“ပထမဦးဆုံး စစချင်း တစ်နေ့ကို ၄ ပုံ၊ ၅ ပုံလောက်ပဲ ဆွဲရတယ်။ အစောပိုင်းတုန်းက ပုံတူဆွဲလို့ရမယ့် သစ်ရွက်တွေကို ရှာရတယ်။ ပျဉ်းမားရွက် (ပျဉ်းမပင်အရွက်) တွေ၊ ပိန္နဲရွက်တွေနဲ့ စမ်းသပ်ပြီး ပုံတူဆွဲနိုင်ဖို့ ကြိုးစားရတယ်။ အဲ့မှာလည်း အရွက်တွေက အမျိုးစားလေး လေးငါးမျိုးလောက် ရှိပေမဲ့ တစ်မျိုးလောက်ပဲ အသုံးဝင်တာ။ တော်တော်လေးကို ဂရုစိုက်ပြီးတော့ ရှာဖွေရတယ်။ ပြီးတော့ ဘာတွေအခက်အခဲရှိလဲဆိုတော့ ပန်းတွေကို ခြောက်သွေ့အောင်လုပ်ရတာ အခက်အခဲရှိတယ်။ သစ်ရွက်တွေကို မီးပူတိုက်ရတဲ့ အခက်အခဲလည်း ရှိတယ်” လို့ ဆရာသက်က ရှင်းပြပါတယ်။


ပုံတူရေးဆွဲလို့ရမယ့် သစ်ရွက်တွေကို နေရာအနှံ့ ရှာဖွေရသလို ရရှိလာတဲ့ သစ်ရွက်တွေကိုလည်း ခြောက်သွေ့အောင်လုပ်ရတဲ့ အခက်အခဲတွေလည်း ရှိနေတတ်ပါတယ်။ ဒါ့အပြင် ပုံတူရေးဆွဲတဲ့အခါ တစ်ခါတရံ ပုံတူအပ်တဲ့သူက သဘောမကျ၊ မကြိုက်နှစ်ပါက လေးငါးကြိမ်အထိ ပြန်ရေးဆွဲပေးရတာမျိုးလည်း ရှိနေတတ်ပါတယ်။ ခြောက်သွေ့အောင် လုပ်ထားတဲ့ သစ်ရွက်ပေါ်မှာ ပုံတူ ရေးဆွဲရတာမို့ သဘောမကျ၊ မနှစ်သက်ပါက ပြန်ပြင်လို့မရဘဲ နောက်အသစ်တစ်ခု ထပ်ပြီး ရေးဆွဲရတာလည်း ဖြစ်ပါတယ်။


ဒီလိုတွေ လုပ်နေရပေမဲ့ သူ့အနေနဲ့ စိတ်မပျက်၊ စိတ်ဓာတ်မကျဘဲ တော်လှန်ရေးရဲဘော်တွေ၊ စစ်ကြောင်းတွေ၊ စစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးနိုင်ဖို့ အမြဲကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ စစ်အာဏာရှင်တွေ တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် ကိုမင်းသက်ထက်အောင်ရဲ့ ပိုင်ဆိုင်မှု အိမ်တွေ၊ မြေတွေနဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက ချိတ်ပိတ်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။




ကိုမင်းသက်ထက်အောင်ဟာ မွေးရာပါသွေးဖြူကင်ဆာရောဂါ ရှိနေတာကြောင့် လက်နက်ကိုင်တိုက်ပွဲ မဝင်နိုင်ပေမဲ့ စစ်အခြေခံသင်တန်းနဲ့ ကွန်မန်ဒိုသင်တန်းတွေကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။ သွေးကင်ဆာရောဂါကြောင့် တော်လှန်ရေးကာလတစ်လျှောက် လက်နက်ကိုင်ပြီး စစ်ကောင်စီကို မတိုက်နိုင်ပေမဲ့ ကိုယ် တတ်ကျွမ်းတဲ့ပညာရပ်နဲ့ ရန်ပုံငွေရရှိအောင် ရှာဖွေပေးနေတာလည်း ဖြစ်ပါတယ်။


“ကျွန်တော့်ရဲ့ အနုပညာဖန်တီးမှုတွေကနေတဆင့် မြေပြင်က အခက်အခဲ၊ ရဲဘော်တွေရဲ့ အခက်အခဲ၊ မဲဆောက်ဘက် ရောက်နေကြတဲ့သူတွေရဲ့ အခက်အခဲ၊ ထိခိုက်ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရတဲ့သူတွေရဲ့ အခက်အခဲတွေအတွက် ကျွန်တော့်အနေနဲ့ ကြိုးစားထောက်ပံ့ချင်သေးတယ်။ ဒီကနေပြီးရင် ပန်းပန်းချီနဲ့ရော Leaf Art နဲ့ရော ရတဲ့အကျိုးအမြတ်ကနေ စစ်ဘေးရှောင်တွေရော၊ နိုင်ကျဉ်းတွေအတွက်ရော၊ ရဲဘော်တွေအတွက်ရော ပေးချင်တယ်”


လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ကိုမင်းသက်ထက်အောင်ဟာ အနောက်နိုင်ငံတစ်ခုမှာ ကျောင်းတက်နေစဉ်ကတည်းက Pressed-Flower Art ပညာရပ်ကို လေ့လာစိတ်ဝင်စားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ပြန်ရောက်ချိန် ကရင်ပြည်နယ်ထဲမှာ မဟောသဓာ ကိုယ်ပိုင်အထက်တန်းကျောင်းက ဖွင့်စဉ်ကလည်း အလုပ်တစ်ဖက်နဲ့အတူ Pressed-Flower Art ပညာရပ်ကို ဆက်လက်လေ့လာ အသုံးချခဲ့ပါတယ်။ ဒါဟာ သူ့အတွက် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ရှိနေခဲ့ပြီး သူ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေ၊ ပုံတူပန်းချီတွေကိုလည်း ရင်းနှီးသူတွေကို လက်ဆောင်ပေးတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။


“အစောပိုင်းကာလတွေက တော်လှန်ရေးစစ်ကြောင်းတစ်ခုကို ကျွန်တော် ဖန်တီးရေးဆွဲထားတဲ့ပန်းချီကား ပေးလိုက်တယ်။ သူတို့အဖွဲ့ ရန်ပုံငွေအတွက် ကြိုက်သလိုသုံးလို့ရတယ်ဆိုတာပေါ့။ နောက်ပိုင်း “မြိုင်” စီးရီး (အကမင်းသမီး ပန်းချီကား) တွေ လုပ်တဲ့အခါကျတော့ မြိုင် စီးရီး ပန်းချီကား ၅ ချပ်ကို ဘတ် ၄၂၀၀၀ ရတယ်။ အဲအခါဆိုရင် ဗိုလ်စောကော (Cobra စစ်ကြောင်းမှူး) တို့ကို လှူပေးလိုက်တယ်။ ပြီးတော့ ဗိုလ်ဒါဘော (Cobra စစ်ဆင်ရေးမှူး) ပုံလေးတွေ၊ အဲဒါဆိုရင်လည်း ဘတ် ၄၈၀၀၀ ၊ အဲဒါဆိုရင်လည်း ဗိုလ်ဒါဘောကို တိုက်ရိုက်လှူလိုက်တယ်။ ကျွန်တော် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ဖန်တီးတာကနေ ရတဲ့အကျိုးအမြတ်အားလုံးကို ပြန်လှူဒါန်းခဲ့တယ်” လို့ သူ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေနဲ့ပတ်သက်ပြီး ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို တော်လှန်ရေးအတွက် အထောက်အပံ့ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။




မွေးရာပါ သွေးကင်ဆာရောဂါကြောင့် ဘဝတစ်လျှောက်လုံး သွေးသွင်းကုသရမှုတွေရှိနေပေမဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ ရဲဘော်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရသူတွေ၊ တိုက်ပွဲတွေအတွင်း စစ်ရှောင်နေရသူတွေအတွက်သာ အမြဲစဉ်းစားနေပြီး အခက်အခဲတွေကြားကနေ သူ တတ်ကျွမ်းတဲ့ အနုပညာနဲ့ ထောက်ပံ့ကူညီနိုင်ဖို့ စဉ်းစားနေတာ၊ လုပ်ဆောင်နေတာတွေ၊ မျှော်လင့်ချက်တွေ၊ အကြောင်းအရာတွေဟာ သူ့မျက်နှာပေါ်မှာ အထင်သား မြင်နေရပါတယ်။


အခု မဲဆောက်မြို့မှာ ၅ ရက်တာ ပြုလုပ်တဲ့ THE LADDER OF REVOLUTION ပန်းချီပြပွဲကနေ ရရှိလာမယ့် အကျိုးအမြတ်အားလုံးကိုလည်း နိုင်ငံရေးအကျဉ်းသားတွေ၊ တော်လှန်ရေးကာလအတွင်း မဲဆောက်မြို့ကို ရောက်ရှိလာပြီး အခက်အခဲဖြစ်နေသူတွေ၊ တိုက်ပွဲတွေအတွင်းက ရဲဘော်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေအတွက် ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။


“တစ်ခါဆို ကျွန်တော် လိုချင်တဲ့ သစ်ရွက်က စစ်ကောင်စီတွေရှိနေတဲ့ ဝင်းထဲမှာရှိနေတာ။ ကျွန်တော်ကလည်း အဲ့သစ်ရွက်ကို လိုချင်နေတာ။ ကိုယ်ကိုယ်တိုင်ကလည်း သွားလို့မရတော့ နောက်ဆုံး ရွာခံတစ်ဦးကို အကူအညီတောင်းပြီး ခပ်တည်တည်နဲ့ အဲ့သစ်ရွက်ကို သွားခူးရတယ်။ ကျွန်တော်ကတော့ အထဲထိ လိုက်မသွားဘဲ ခပ်လှမ်းလှမ်းမှာ နေခဲ့ရတာပေါ့” လို့ သူ့ရဲ့ သစ်ရွက်ရှာတော်ပုံ စိတ်လှုပ်ရှားစရာ အတွေ့အကြုံကိုလည်း ပြောပြပါသေးတယ်။


ဓာတ်ပုံ - Burma VJ and METRO

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page