ပိုင်ကျုံမြို့နယ်ထဲက ပူလူတူစခန်းကို KNLA သိမ်းယူချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိုင်းဘက်ထွက်ပြေး
- BVJ

- Mar 19, 2025
- 1 min read
BVJ/ထက်အောင် _ မတ် ၁၄ ၊ ၂၀၂၅

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့မှာရှိတဲ့ စစ်ကောင်စီ ပူလူတူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တိုက်ခိုက်သိမ်းယူချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိုင်းဘက်ကို ထွက်ပြေးလာတယ်လို့ ထိုင်းသတင်းဌာန Matichon က ဖော်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီ ပူလူတူစခန်းကို KNLA ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းအချို့ကိုလည်း Thunder Khawthoolei လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ပူလူတူစခန်းသိမ်းဆည်းရရှိမှုအခြေအနေနဲ့ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ထိုင်းနယ်စပ်နဲ့ကပ်လျက်ရှိနေတဲ့ ပူလူတူစခန်းသိမ်းတိုက်ပွဲကို KNLA ပူးပေါင်းတပ်တွေက တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ညပိုင်းမှာ တိုက်ပွဲပိုမိုပြင်းထန်ခဲ့ကာ ဒီနေ့မနက်ပိုင်းမှာ KNLA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးဝင်ရောက်လာချိန် လူသားချင်းစာနာထောက်ထားမှုအရ ထိုင်းစစ်တပ်က အကူအညီပေးခဲ့တယ်လို့လည်း Matichon က ဖော်ပြထားပါတယ်။ စခန်းစွန့်ခွာထွက်ပြေးပြီး ထိုင်းဘက်ခြမ်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။










Comments