ပုဂံ-ညောင်ဦးဒေသကို စစ်ကောင်စီလေကြောင်း ဗုံးကြဲ
- BVJ

- Feb 14, 2025
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးမြိုနယ်က ရွာတွေကို မနေ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပုဂံ-ချောက်ကားလမ်းပိုင်းမှာရှိတဲ့ ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာနားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ညောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
“ကျောက်ပြင်ကန်၊ ယာတောကြီးနဲ့ ဂျိုးကန်ရွာတွေနားမှာ တိုက်ပွဲဖြစ်တော့ စစ်တပ်ကလေယာဉ်နဲ့ဗုံးလာကြဲသွားတာ။ ဂျိုးကန်ရွာကိုမနေ့က စစ်တပ်ကဝင်တော့တိုက်ပွဲဖြစ်တာလို့တော့ သိရတယ်။ အခုကြဲသွားတဲ့နေရာက ရှေးဟောင်းဘုရားတွေနဲ့လည်း တော်တော်နီးတယ်”လို့ ဒေသခံက Burma VJ ကို ပြောပါတယ်။
ရှေးဟောင်းဇုန်တွေနားက ပုဂံမြိုသစ်တောင်ဘက်နဲ့ခုနစ်မိုင်ခန့်ဝေးတဲ့ ကျောက်ပြင်ကန်၊ ယာတောကြီးနဲ့ ဂျိုးကန်ရွာတွေနားမှာ ဒေသအခြေစိုက်ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ အခုလ ၁၂ရက်နေ့ ညပိုင်းကစပြီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီတပ်ဟာ ရွာတွေထဲကို စစ်ကြောင်းထိုးနေတာကြောင့် ကျောက်ပြင်ကန်၊ယာတောကြီး၊ ဂျိုးကန်ရွာတွေက ဒေသခံတွေအပါအဝင် အဲ့ဒီအနီးအနားရွာက ဇီးစားမြင် ၊အနောက်အုံရွာစတဲ့ရွာတွေက ဒေသခံတွေလည်း စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ညွှန်ကြားချက်နဲ့ မန္တလေးတိုင်း ပုဂံ-ညောင်ဦးဒေသမှာ စစ်ရေးဖော်ဆောင်သွားမယ်ဆိုပြီး ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက အခုနှစ် ဇန်နဝါရီ ၈ရက်မှာ ထုတ်ပြန်ပြောဆိုထားပေမယ့် လက်ရှိဖြစ်နေတဲ့တိုက်ပွဲဟာ ဘယ်တပ်ဖွဲ့နဲ့လဲဆိုတာကိုတော့ မသိရသေးပါဘူး။




Comments