ပဲခူးတိုင်းထဲက PDF တပ်ရင်းတွေဆီ NUG ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူတွေ သွားရောက်ခဲ့
- BVJ

- Feb 13, 2025
- 1 min read
BVJ/ ဇော် _ ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၅

ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွဆီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးရုံးမှ တာဝန်ရှိသူ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ NUG က ထုတ်ပြန်ထားပါတယ်။
PDF တပ်ရင်းတွေဆီ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း NUG အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဦးနောင်ရိုးတို့ က ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
PDF တပ်ရင်း တာဝန်ရှိသူတွေနဲ့ NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပြီး မြေပြင်အခြေအနေများ၊ စစ်ဆင်ရေးအခြေအနေများနဲ့ တပ်ရင်းများရဲ့ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ရုံးက PDF တပ်ရင်းတွေရဲ့ လတ်တလော လိုအပ်ချက်တွေကို ထောက်ပံ့ကူညီမှုများ ပြုလုပ်ကာ အနာဂတ်စစ်ဆင်ရေးများအတွက် အရေးကြီးလိုအပ်ချက်တွေကို အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းကလည်း NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တောင်ပိုင်းစစ်ဒေသနယ်မြေကို သွားရောက်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနက တပ်ရင်း ၅၁၀၁ ၊ ၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း ၁ တို့က ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။












Comments