ပြိုကျသွားတဲ့ အထပ် ၃၀ မြင့်အဆောက်အဦးကို သံချောင်းတွေတင်သွင်းခဲ့တဲ့ တရုတ်သံမဏိကုမ္ပဏီကို ထိုင်းစက်မှုဝန်ကြီးဌာန အထူးအဖွဲ့ စုံစမ်းစစ်် ဆေးနေ
- BVJ
- Apr 18
- 1 min read
BVJ/အေတီ _ ဧပြီ ၁၁ ၊ ၂၀၂၅

ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျသွားတဲ့ ဘန်ကောက်မြို့က အထပ် ၃၀ မြင့်အဆောက်အဦးမှာ သံချောင်းတွေတင်သွင်းခဲ့တဲ့ တရုတ်ကုမ္ပဏီ Xin Ko Yuan (SKY) ကို ထိုင်းစက်မှုဝန်ကြီးဌာန အထူး အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
တရုတ်ကုမ္ပဏီ Xin Ko Yuan (SKY) ထဲဝင်ရောက်စစ်ဆေးခွင့်ကို ထိုင်းအစိုးရ စက်မှုဝန်ကြီး Akanat Promp han ကိုယ်တိုင်က တရားရုံးတရုံးရဲ့ ခွင့်ပြုချက်ရပြီးနောက်ပိုင်းမှာ ခွင့်ပြုတာဖြစ်ပါတယ်။ SKY ကုမ္ပဏီထဲ ဝင်ရောက်စစ်ဆေးရှာဖွေတဲ့ကိစ္စကို ထိုင်းအစိုးရစက်မှုဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ နဲ့အတူ ထိုင်းဗဟိုထောက်လှမ်းရေးအဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
“အဆောက်အအုံပြိုကျရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုရလဒ် ဘယ်လိုပဲ ထွက်ထွက် လောလောဆယ်မှာတော့ SKYကုမ္ပဏီက တင်သွင်းခဲ့တဲ့သံချောင်းတွေ အရည်အသွေး မပြည့်မီတာ စစ်ဆေးတွေ့ရှိထားပါပြီ“လို့ ထိုင်းစက်မှုဝန်ကြီး Akanat က သောကြာနေ့မှာ သူရဲ့ Facebook စာမျက်နှာကတဆင့် ဖော်ပြထားပါတယ်။
ဒီဇင်ဘာလထဲက ပိတ်ခံထားရတဲ့ SKY ကုမ္ပဏီ စက်ရုံက သံချောင်းတွေကို နှစ်ကြိမ် စစ်ဆေးခဲ့တာမှာလည်း အရည်အသွေးမပြည့်မီတာတွေ့ရတယ်လို့ Akanat က ထပ်ရှင်းပြထားပါတယ်။ ဒါ့အပြင် ပြိုကျတဲ့ အထပ် ၃၀ မြင့်အဆောက်အအုံနေရာက သံချောင်းတွေကို နှစ်ကြီမ် စစ်ဆေးတာမှာလဲ နှစ်ကြိမ်လုံးအရည်အသွေးမပြည့်မီတာတွေ့ရတယ်လို့ ထိုင်းစက်မှုဝန်ကြီး Akanat က အတည်ပြုပါတယ်။
“အရည်အသွေးမပြည့်မီတာက မပြည့်မီတာပဲ။ အဆောက်အဦးပြိုကျရတဲ့ အကြောင်းရင်း စုံစမ်းစစ်ဆေးတဲ့ရလဒ် ဘယ်လိုပဲထွက်လာထွက်လာ SKYကုမ္ပဏီကထုတ်တဲ့ ပစ္စည်းတွေကို ဆက်ပြီးအသုံးပြုဖို့ လက်ခံနိုင်စရာအကြောင်းမရှိတော့ပါဘူး။
နောက်ထပ်ပြိုကျမှုတွေထပ်မဖြစ်အောင် ဒီဇင်ဘာလ စက်ရုံပိတ်မခံရခင်က စျေးကွက် ထဲရောက်နေတဲ့ SKYကုမ္ပဏီက ထုတ်တဲ့ သံချောင်းတွေ အသုံးမပြုဖြစ်အောင် စုံစမ်းစစ်ဆေး မှုကရလာတဲ့ ရလဒ်တွေကို အမြန်ဆုံးလူသိရှင်ကြားထုတ်ပြန်သင့်ကြောင်း Akanat က တိုက် တွန်းပါတယ်။
ဧပြီ ၄ ရက်နေ့မှာ ထိုင်းစက်မှုဝန်ကြီးဌာန အထူးအဖွံ့ Rayong ခရိုင် Ban Khai အရပ်က တရုတ်ကုမ္ပဏီ SKYရဲ့ သွားရောက်စစ်ဆေးခဲ့ပြီး အရည်အသွေးမပြည့်မီတဲ့ သံချောင်းထုတ်လုပ်တာမှာ အသုံးပြုတဲ့ ဘတ် ၁.၇ သန်းတန်ကြေးရှိတဲ့ ပစ္စည်းတွေကို သိမ်းစည်းခဲ့ပါတယ်။ စံချိန်မမီတဲ့ပစ္စည်းတွေထုတ်လုပ်မှုနဲ့ SKYကုမ္ပဏီရဲ့ အထက်ပါ သံမဏိ စက်ရုံအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပိတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာလုပ်နေတဲ့ SKYကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြန်ရုပ်သိမ်းဖို့ တိုက်တွန်းစာတစ်စောင်ကိုလည်း စက်မှုဝန်ကြီး Akanat Promphan က သောကြောနေ့မှာ လက်မှတ်ထိုးခဲ့ပါတယ်။ ဒါ့အပြင် တရုတ်သံမဏိကုမ္ပဏီ Xin Ke Yuan ဟာ စက်ရုံဥပဒေနဲ့ စက်မှုထုတ်ကုန်စံနှုန်း အက်ဥပဒေတို့ကိုလဲ လိုက်နာခြင်းမရှိကြောင်း Akanat က သူ့ဖေ့စ်ဘုခ်မှာ ရေးထားပါတယ်။
တရုတ်သံမဏိကုမ္ပဏီ SKYရဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ရင်းနှီးမြုပ်နှံမှုအားလုံး ကို ထိုင်းအစိုးရ ရင်းနှီးမြုပ်နှံမှုဘုတ်အဖွဲ့က ရုပ်သိမ်းလိုက်ပြီလို့ သတင်းထွက်နေပေမယ့် အဲ့သတင်းကို အတည်မပြုနိုင်သေးပါဘူး။
Bình luận