ပျောက်ဆုံးနေတဲ့ တရုတ်မင်းသားကို မြန်မာဘက်ခြမ်းမှာ ပြန်တွေ့
- Zayar Oo
- Jan 7, 2025
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၇ ၊ ၂၀၂၅

ပျောက်ဆုံးနေတဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် Xingxing ကို ဘေးအန္တရာယ်ကင်းစွာနဲ့ ထိုင်းအာဏာပိုင်တွေက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ဒီနေ့မှာ ပြောကြားထားပါတယ်။ တရုတ်မင်းသား Xingxing (နာမည်ရင်း Wang Xing) ကို မြန်မာဘက်ခြမ်းကနေ မဲဆောက်ခရိုင်အတွင်းကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြန်လည်ခေါ်ဆောင်လာပြီး ခရိုင်ရဲတပ်ဖွဲ့ကလည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းကို မထိခိုက်စေဖို့အတွက် အထူးဂရုပြုကိုင်တွယ်ဖို့ လိုအပ်တယ်လို့လည်း အစိုးရအဖွဲ့ အပတ်စဉ်ပြုလုပ်နေတဲ့ အစည်းအဝေးမှာ ပေထုန်တန်က ထည့်သွင်းပြောခဲ့ပါတယ်။

တရုတ်မင်းသား ပျောက်ဆုံးချိန် ထိုင်းအစိုးရအဖွဲ့အနေနဲ့ တရုတ်သံရုံး တာဝန်ရှိသူတွေနဲ့အတူ အနီးကပ် စောင့်ကြည့်လုပ်ကိုင်ခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ဒါ့အပြင် ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး Sorawong ကလည်း ပျောက်ဆုံးနေတဲ့ တရုတ်မင်းသား Xingxing ကို မြန်မာဘက်ခြမ်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကို ပြန်လည်ခေါ်ဆောင်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၃၁ နှစ်အရွယ် တရုတ်မင်းသား Xingxing ဟာ ထိုင်းနိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးဖို့အတွက် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို သောကြာနေ့မနက် အစောပိုင်းမှာရောက်ရှိခဲ့တာဖြစ်ပြီး တာ့ခ်ခရိုင်ကို ရိုက်ကူးအဖွဲ့က စီစဉ်ထားတဲ့ ကားနဲ့ဆက်လက်သွားရောက်ခဲ့ချိန် ပျောက်ဆုံးခဲ့တာပါ။
တရုတ်မင်းသား ပျောက်ဆုံးမှုကြောင့် ထိုင်းနိုင်ငံဟာ ခရီးသွားလာဖို့ အန္တရာယ်များတဲ့ နိုင်ငံတစ်ခုလို ကောလာဟလ ပုံဖော်ရေးသားနေကြတာကိုလည်း တွေ့နေရတယ်လို့လည်း ဝန်ကြီးချုပ်က ပြောခဲ့သလို ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး Sorawong ကလည်း ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံတွင်း ပျံ့နှံ့နေတဲ့ ကောလာဟလပုံဖျက်မှုတွေအပေါ် တရုတ်သံရုံးအနေနဲ့ ကူညီဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ်နဲ့ ရဲမှူးချုပ်ကလည်း ယခုဖြစ်ရပ်အတွင်း လူကုန်ကူးခံရမှုအခြေအနေ ဖြစ်ပေါ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ပြောကြားခဲ့ပြီး တရုတ်မင်းသားကို တစုံတဦးက မြန်မာဘက်ခြမ်းကို ခေါ်ဆောင်သွားတာဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
Ref: Bangkok Post












Comments