အမျိုးတွေကိုမှိုဆိပ်ခတ်ပြီးသတ်ခဲ့တဲ့သူကို ထောင်ထဲကပြန်မလွှတ်သင့်ကြောင်း ရှေ့နေတွေတရားရုံးမှာတင်ပြ
- BVJ

- 3 days ago
- 1 min read
နီသွင်/BVJ_သြဂုတ် ၂၀၊ ၂၀၂၆

မှိုဆိပ်ခတ်ပြီးလူသတ်ခဲ့တဲ့ အဲရင်း ပက်တာဆင် (Erin Patterson) ဟာ သူမရဲ့ တကယ်ကိုကြောက်စရာကောင်းတဲ့ရာဇဝတ်မှုအတွက် ထောင်ထဲမှာတစ်သက်လုံးနေသွားသင့်ပြီး ပြန်လွတ်လာဖို့လုံးဝမသင့်ဘူးလို့ အယူခံတရားရုံးမှာ ရှေ့နေချုပ်ဘက်ကတင်ပြလိုက်ပါတယ်။
ချမှတ်ထားတဲ့ ပြစ်ဒဏ်က လုံလောက်မှုမရှိဘူးလို့ ရှေ့နေတွေကယူဆနေကြတာပါ။ အခုအခါမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံနေရတဲ့ ပက်တာဆင်ဟာ သက်တမ်းစေ့ရင် လွတ်ငြိမ်းချမ်းသာခွင့် (Parole) ရနိုင်ခြေရှိနေတာကြောင့် အခုလိုအယူခံဝင်လာကြတာဖြစ်ပါတယ်။
ပက်တာဆင်ဟာ ၂၀၂၃ ခုနှစ်တုန်းက သြစတြေးလျနိုင်ငံ၊ဗစ်တိုးရီးယားပြည်နယ်မှာရှိတဲ့ သူ့ရဲ့အိမ်မှာဆွေမျိုးတော်စပ်သူတွေကို သေစေနိုင်တဲ့အဆိပ်မှိုတွေပါတဲ့ အမဲသားချက် (Beef Wellington)ကိုကျွေးမွေးပြီး လူ ၃ ဦးကို သတ်ဖြတ်ခဲ့သလို၊ နောက်ထပ် ၁ ဦးကိုလည်းသတ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ပက်တာဆင်ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရပေမဲ့ ၃၃ နှစ်ပြည့်ရင်တော့ ထောင်ကနေပြန်လွတ်ဖို့လျှောက်ထားခွင့် ရှိနေပါတယ်။
အခုအခါမှာတော့ မဲလ်ဘုန်းမြို့ရှိ အယူခံတရားရုံးမှာ ပက်တာဆင်ရဲ့ ရှေ့နေတွေဘက်ကလည်း သူမရဲ့ ပြစ်ဒဏ်တွေကိုပယ်ဖျက်ပေးဖို့ လျှောက်ထားတဲ့ လျှောက်လွှာကို ဆက်လက်စစ်ဆေးနေပါတယ်။ တရားသူကြီးတွေကတော့ အပြီးသတ်အမိန့်ချမှတ်ဖို့အချိန်ယူဦးမှာဖြစ်လို့ အယူခံနှစ်ခုစလုံးရဲ့ ရလဒ်ထွက်လာဖို့အတွက် ရက်သတ္တပတ်တွေ ဒါမှမဟုတ် လနဲ့ချီကြာမြင့်နိုင်ပါတယ်။
ပက်တာဆင်ရဲ့လက်ချက်ကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ သူမရဲ့ ယောက္ခမတွေဖြစ်တဲ့ အသက် ၇၀ အရွယ် ဒွန်နဲ့ ဂေးလ် ပက်တာဆင်တို့အပြင် ဂေးလ်ရဲ့ ညီမဖြစ်သူ အသက် ၆၆ အရွယ် ဟယ်သာ ဝီလ်ကင်ဆင်တို့ ပါဝင်ပါတယ်။ ရှေ့နေတွေရဲ့ အဆိုအရ သူတို့တွေဟာ အံ့သြစရာကောင်းလောက်အောင် ပြင်းထန်တဲ့ရောဂါဝေဒနာတွေကို ခံစားရပြီးမှသေဆုံးသွားခဲ့ကြတာပါ။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော ဧည့်သည်ဖြစ်တဲ့ ဟယ်သာရဲ့ခင်ပွန်း အီယန် ဝီလ်ကင်ဆင်ကတော့ အဲဒီဒဏ်ရာဒဏ်ချက်တွေကြောင့် အခုချိန်ထိ လုံးဝပြန်မကောင်းလာသေးပါဘူး။
ပက်တာဆင်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုဟာ ဘာကြောင့်ဒီလောက်ထိဆိုးရွားရတာလဲဆိုတာကိုရှင်းပြရာမှာ နေ့လယ်စာစားဖို့ဖိတ်ခေါ်ထားတဲ့ မိသားစုဝင်တွေအပေါ် ယုံကြည်မှုကို သစ္စာဖောက်ဖျက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ လပေါင်းများစွာကြာအောင် ကြိုတင်ကြံစည်ထားတဲ့အစီအစဉ်တစ်ခုဖြစ်ပြီး၊ သေစေနိုင်တဲ့မှိုပြင်းတွေကိုရှာဖွေပြင်ဆင်တာနဲ့ နေ့လယ်စာနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်ဆန်တဲ့ လိမ်လည်လှည့်ဖြားမှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပက်တာဆင်ဟာ ဧည့်သည်တွေအဆိပ်ပြင်းတဲ့အစားအစာကိုစားသုံးနေတာကို စကားစမြည်ပြောရင်းနဲ့ တမင်ထိုင်ကြည့်နေခဲ့တာပါ။ ဧည့်သည်တွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားရောက်နေချိန်မှာတောင် ပက်တာဆင်ဟာ အဆိပ်ပြင်းတဲ့ တောမှိုတွေသုံးခဲ့တယ်ဆိုတာကိုဝန်မခံဘဲ ရဲနဲ့ကျန်းမာရေးဝန်ထမ်းတွေကိုပါ ဆက်လက်လိမ်လည်ခဲ့ပါတယ်။
ခရက်ဒစ်- ဘီဘီစီ




Comments