ဦးမင်းဇင်ကို မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရားဝင်သတ်မှတ်
- BVJ

- 3 days ago
- 1 min read
အေတီ/BVJ_သြဂုတ် ၂၀၊ ၂၀၂၆

တရုတ်ပြည်မှာဖမ်းဆီးခံထားရတဲ့ ISP-Myanmarဒါရိုက်တာ ဦးမင်းဇင်ဟာ မတရားဖမ်းဆီးခံထားရတဲ့သူဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သြဂုတ် ၂၀ရက်မှာ တရားဝင်ထုတ်ပြန်ကြေညာပါတယ်။
ဘေဂျင်းအစိုးရအနေနဲ့ တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော သို့မဟုတ် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရသော အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးဖို့တိုက်တွန်းတယ်ဆိုပြီး အဲ့ဒီကြေညာချက်မှာဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အဲ့ဒီကြေညာချက်အပေါ် ISP-Myanmar အဖွဲ့ကလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။
လာမယ့်လမှာကျင်းပမယ့် သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ထရမ့်တို့တွေ့ဆုံမယ့်ခရီးစဉ်မတိုင်မီမှာ ဦးမင်းဇင်ရဲ့အမှုကို အမေရိကန်အစိုးရကထိပ်တန်းဦးစားပေးအနေနဲ့ ဆက်လက်အလေးထားဆောင်ရွက်ပေးဖို့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)ဘက်ကလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ လေးလေးနက်နက်မေတ္တာရပ်ခံတယ်လို့ ISP-Myanmar အဖွဲ့ရဲ့ သြဂုတ် ၂၀ရက်ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ဦးမင်းဇင် တရုတ်ပြည်မှာဖမ်းဆီးခံရတာနဲ့စပ်လျဉ်းပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သူ့ကို "မတရားဖမ်းဆီးခံရသူ" (wrongfully detained)အဖြစ် တရားဝင်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီလိုသတ်မှတ်လိုက်ခြင်းဟာ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာသုတေသီတွေနဲ့ လွတ်လပ်တဲ့ပညာရှင်တွေရဲ့ လုံခြုံရေးနဲ့ ဉာဏလွတ်လပ်ခွင့်ကို အထူးအလေးထားကြောင်းပြသတဲ့ အဓိကခြေလှမ်းတစ်ခုဖြစ်ပြီး ဦးမင်းဇင်အမြန်ဆုံးပြန်လွတ်မြောက်လာရေးကို ထိပ်တန်းဦးစားပေးအဖြစ်ဆောင်ရွက်သွားမယ်ဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားကိုပေးပို့လိုက်တာပဲ ဖြစ်ပါတယ်။
လွတ်လပ်သော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို သူလျှိုလုပ်မှုနဲ့တရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့သံသယတွေနဲ့ ဇွန်လ ၁၂ ရက်နေ့မှာ တရုတ်အစိုးရကဖမ်းဆီးထားတာဖြစ်ပါတယ်။
ဦးမင်းဇင်ဟာ ၁၉၈၈ ခုနှစ်၊မြန်မာနိုင်ငံ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေ (University of California, Berkeley)မှာ ပါရဂူဘွဲ့ (PhD)သင်တန်း တက်ရောက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။




Comments