နယ်စပ်ဒေသမှာထိခိုက်နစ်နာသူတွေအတွက် တရုတ်အပါအဝင်အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းမယ်လို့ ဒေါ်ဇင်မာအောင် ပြော
- BVJ

- Jan 23, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၂ ၊ ၂၀၂၅

မြန်မာနိုင်ငံတွင်း နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ Cyber လိမ်လည်မှုနဲ့ ရာဇဝတ်ဂိုဏ်းကြောင့် ထိခိုက်နစ်နာခဲ့သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်တာကာလအတွင်း Cyber လိမ်လည်မှုနဲ့ လူကုန်ကူးမှု ရာဇဝတ်ဂိုဏ်းတွေဟာ ဆိုးဆိုးရွားရွား ကြီးထွားလာပြီး ဒေသတွင်းသာမကဘဲ ကမ္ဘာလုံးဆိုင်ရာ ကြီးမားကျယ်ပြန့်တဲ့ ပြဿနာကြီးတခုဖြစ်လာတာကြောင့် သက်ဆိုင်ရာနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“တကယ့်တကယ်ကတော့ တရုတ်လို၊ အိမ်နီးနားချင်း ထိုင်းနိုင်ငံလို တခြားကမ္ဘာ့နိုင်ငံကြီးတွေတောင်မှ ဖြေရှင်းလို့မရတဲ့အတွက်ကြောင့်မို့ ဒီလောက်ထိ ကြီးထွားလာခဲ့တာ ဖြစ်တယ်ပေါ့။ ကြီးထွားလာတဲ့နေရာမှာတော့ ကျွန်မတို့ တိုင်းပြည်ရဲ့ အာဏာသိမ်းမှု ၃ နှစ်၊ ၄ နှစ်အတွင်းမှာ ပိုပြီးတော့ ဆိုးဆိုးရွားရွား ဖြစ်လာတာပေါ့နော်။ ဆိုးဆိုးရွားရွား ဖြစ်တဲ့အနေအထား ဖြစ်တဲ့အတွက်ကြောင့် ဒီဟာက ကျွန်မတို့သည် Morally လည်း တာဝန်ရှိတယ်။ ကျွန်မတို့နိုင်ငံ ကျွန်မတို့ရဲ့ ပိုင်နက်နယ်မြေထဲမှာ Base ဖြစ်ပြီးတော့ ဒီရာဇဝတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ဝတ္တရားလည်း ရှိပါတယ်” လို့ ဒေါ်ဇင်မာအောင်က Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အပါအဝင် မဟာမိတ်အဖွဲ့တွေက သူတို့ အာဏာတည်မြဲရေးအတွက်သာ အာရုံစိုက်နေပြီး ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံက ပြည်သူတွေအပေါ် အန္တရာယ်ဖြစ်စေမယ့် လူကုန်ကူးမှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း (ကျားဖြန့်) ကို စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက ဖြေရှင်းလိုတဲ့စိတ်ဆန္ဒမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဇန်နဝါရီ ၂၀ ရက်မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
Cyber လိမ်လည်မှုနဲ့ ရာဇဝတ်ဂိုဏ်းတွေကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေအတွက်လည်း သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိနေသလို ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်မဖြစ်စေရေးအတွက်လည်း အသိပညာပေးမှုတွေ၊ ကြိုတင်တားဆီးမှုတွေကိုလည်း လုပ်ဆောင်သွားနိုင်ဖို့ကိုလည်း ဒေသတွင်း တော်လှန်အင်အားစုတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
“မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် လူငယ်လူရွယ်တွေ အရွယ်ကောင်းတွေ အတော်များများက နယ်စပ်ဒေသကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာကြတာတွေ ရှိတယ်။ သူတို့တွေက တကယ်ပဲပေါ့နော်၊ Cyber လိမ်လည်မှုနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်တွေ ဖြစ်လာနိုင်ပါတယ်။ ဆိုတော့ Vulnerable ဖြစ်တဲ့ အုပ်စုတွေပဲပေါ့။ ကျွန်မတို့ Awareness raising လုပ်တဲ့ကိစ္စတွေ လုပ်နိုင်ပါတယ်။ ဒီလိုဟာမျိုးတွေကိုလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိမယ်ပဲပေါ့နော်။ အထူးသဖြင့်တော့ Prevention ပိုင်းနဲ့ Awareness raising ပိုင်းကို ပိုပြီးတော့ လုပ်သွားဖို့တော့ရှိမယ်”လို့ ဒေါ်ဇင်မာအောင်က ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အရပ်ဘက်အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (NMSP –AD)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) နဲ့ အခြား အဖွဲ့အစည်းတွေကလည်း နယ်စပ်တစ်လျှောက် ဖြစ်ပွားနေတဲ့ Cyber လိမ်လည်မှု၊ ရာဇဝတ်ဂိုဏ်းပြဿနာတွေကို ဖြေရှင်းဖို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောထားပြီး အာဆီယံအပါအဝင် ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားထားပါတယ်။
အခု ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ တရုတ်မင်းသားနဲ့ တရုတ်ခရီးသည်တွေ လူကုန်ကူးခံရမှုဖြစ်စဉ်တွေကြောင့် တရုတ်အစိုးရက Cyber လိမ်လည်မှုနဲ့ ရာဇဝတ်ဂိုဏ်းတွေ အမြစ်ပြတ် ဖြေရှင်းဖို့ ပြောကြားလာချိန် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ဖြေရှင်းဖို့ ထိုင်းအစိုးရနဲ့ အိမ်နီးချင်း မြန်မာလက်နက်ကိုင်အဖွဲ့တွေကလည်း အလေးပေး လုပ်ဆောင်လာတာတွေရှိနေတာလည်း ဖြစ်ပါတယ်။




Comments