top of page

နပခအောင်ပွဲနဲ့အတူ ရခိုင်ပြည်လွတ်မြောက်ရေးဖော်ဆောင်နေတဲ့ AA ကို EAO လေးဖွဲ့ ဂုဏ်ပြု

  • Writer: Zayar Oo
    Zayar Oo
  • Dec 28, 2024
  • 1 min read

BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၅ ၊ ၂၀၂၄

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်ပြီး ရခိုင်တမျိုးသားလုံး လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေတဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့အတူ အာရက္ခတပ်တော် (AA) ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုဝမ်းမြောက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်မှာ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ပါတယ်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD) နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး ULA/AA ရဲ့ နိုင်ငံရေးအမြင်ကျယ်ကျယ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုလည်း ဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။


ရခိုင်ပြည်နယ်ဟာ စစ်အာဏာရှင်စနစ်အောက်ကနေ ပထမဦးဆုံး လွတ်မြောက်မယ့် အလားအလာကောင်းတွေရှိနေပြီး ရခိုင်ပြည် လွတ်မြောက်ရေးနဲ့ ရပ်တန့်မနေဘဲ တနိုင်ငံလုံးမှာရှိတဲ့ ဗမာအပါအဝင် ဘဝတူ တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေနဲ့ အပြန်အလှန် ဆက်စပ်ပြီး ပြည်သူတစ်ရပ်လုံး အဖိနှိပ်ဘဝက လွတ်မြောက်ရေးအတွက် ULA/AA က နိုင်ငံရေးအမြင်ကျယ်ကျယ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရတယ်လို့ EAO လေးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က AA တပ်တော်က အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အောင်ပွဲနဲ့အတူ ရခိုင်ပြည်နယ်အတွင်း အောင်ပွဲတွေကိုလည်း ဂုဏ်ပြုဝမ်းမြောက်ကြောင်း ဖော်ပြထားပြီး တစိတ်တပိုင်း လွတ်မြောက်ရုံတင်မဟုတ်ဘဲ အားလုံးလွတ်မြောက်နိုင်မှသာ လွတ်မြောက်မှုအစစ်အမှန် အပြည့်အဝရရှိမယ်လို့ ခံယူကြောင်းနဲ့ ဒီအတွက် စုပေါင်းတိုက်ပွဲဝင်မှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ EAO အဖွဲ့လေးဖွဲ့ကလည်း ပြောပါတယ်။


စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဘုံလုပ်ငန်းမှာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အပါအဝင် အခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားမယ်လို့လည်း EAO အဖွဲ့လေးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page