နေပြည်တော် PDF စစ်ကြောင်းမှူး သေဆုံးမှု ကျူးလွန်သူတွေ ကို အရေးယူဖို့ နှစ်ဖက်တပ်ဖွဲ့ သဘောတူ
- BVJ

- Mar 20, 2025
- 1 min read
BVJ/ထက်အောင် _ မတ် ၂၀ ၊ ၂၀၂၅

နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ကိုဝင်းလှိုင် သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ကယန်းပြည်သစ်တပ်မတော် (KNA) တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ Nay Pyi Daw PDF က ဒီနေ့ မတ်လ ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒေသတော်လှန်ရေး မဟာမိတ်ညီနောင်အဖွဲ့တွေရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့အတူ နေပြည်တော် PDF နဲ့ KNA တာဝန်ရှိသူတွေတို့ အခု မတ်လ ၁၈ ရက်မှာ KNA ရုံးစိုက်ရာနယ်မြေအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ရဲဘော်ကိုစိုင်း အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ နှစ်ဖက်သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်PDFက ရဲဘော်ကိုစိုင်းကို အခု မတ်လ ၃ ရက်နေ့မှာ KNA တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် အသတ်ခံခဲ့ရတာဖြစ်ကြောင်း နေပြည်တော် PDF က မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
နေပြည်တော် PDF နဲ့ KNA တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးမှုအတွင်း ရဲဘော်ကိုစိုင်းဆီက သိမ်းဆည်းထားတဲ့ ၉မမ ပစ္စတိုတစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံးနဲ့ စကားပြောစက် icom တစ်လုံးတို့ကို KNA က နေပြည်တော် PDF ကို ပြန်လည်ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နေပြည်တော် PDFရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာ KNA တပ်ဖွဲ့က တပ်စုမှူးတစ်ဦး စစ်မြေပြင်မှာ နယ်မြေဝင်ရောက်ရှင်းလင်းချိန် မိုင်းနင်းမိပြီး သေဆုံးခဲ့မှုအပေါ်မှာ ဝမ်းနည်းကြောင်းလည်း ဖော်ပြထားပေမယ့် သေဆုံးမှုဖြစ်ရတဲ့အခြေအနေကိုတော့ ထည့်သွင်းပြောထားတာ မရှိပါဘူး။
သတင်းတွေအရ အခုလ ၃ ရက်နေ့မှာ နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ် တောင်မြင့်ရွာက စစ်ဆင်ရေးတစ်ခုမှာ ပျဉ်းမနားစစ်ကြောင်းက ကိုစိုင်းတို့အဖွဲ့ ထောင်ခဲ့တဲ့ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုအတွင်း ကယန်းပြည်သစ်မတော်က ဗိုလ်လေးအဆင့်ရှိ တပ်စုမှူး ၁ ဦးသေဆုံးခဲ့ရသလို ၃ ဦးဒဏ်ရာရခဲ့တာကြောင့် အဲ့ဒီဖြစ်စဉ်အတွက် ကိုစိုင်းကိုမေးမြန်းဖို့ခေါ်ဆောင်ချိန်မှာ အသတ်ခံလိုက်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ရဲဘော်ကိုစိုင်း ဖြစ်စဉ်အတွက် ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူနိုင်ဖို့ နေပြည်တော် PDF က ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပြီး နှစ်ဖက်အဖွဲ့အစည်းကြား လက်နက်အသုံးပြု ပဋိပက္ခမဖြစ်ရေး၊ အသေးအဖွဲကိစ္စတွေကအစ အလျင်အမြန်ညှိနှိုင်းဆောင်ရွက်ကြဖို့နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တဲ့အထိ ယုံကြည်မှုတည်ဆောက်နိုင်ကြဖို့ကိုလည်း မတ်လ ၁၈ရက်ဆွေးနွေးမှုကနေ သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော် PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
ရဲဘော်ကိုစိုင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး နေပြည်တော် PDF က အသိပေးထုတ်ပြန်ထားပေမဲ့ ကယန်းပြည်သစ်တပ်မတော်ကတော့ ဒီနေ့ မတ်လ ၂၀ ရက်နေ့အထိ တစုံတရာထုတ်ပြန်ပြောဆိုလာတာမျိုး မတွေ့ရသေးပါဘူး။
ရဲဘော်ကိုစိုင်း အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူတွေကို Burma VJ က ဆက်သွယ်မေးမြန်းထားပေမဲ့ လက်ရှိအချိန်ထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။




Comments