နိုင်ငံရေးအကျဉ်းသား ၆၀၀ လွှတ်မယ်လို့ စစ်ကောင်စီပြောပေမဲ့ ထက်ဝက်ခန့်သာ လွတ်မြောက်မှုရှိနေ
- Zayar Oo
- Jan 7, 2025
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၆ ၊ ၂၀၂၅

စစ်ကောင်စီလွှတ်ပေးတဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ အကျဉ်းသား အရေအတွက် (၅၈၆၄)ဦး လွှတ်ပေးခဲ့ပြီး အဲ့ဒီထဲမှာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသား (၆၀၀)ဝန်းကျင်ပါဝင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ဖြေထားပါတယ်။
ဒါပေမဲ့ အမှန်တကယ် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ (၃၅၀)ဝန်းကျင်သာရှိတယ်လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ကို စာရင်းကောက်ယူမှတ်တမ်းတင်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) သိရပါတယ်။
PPNM က ကောက်ယူထားတဲ့ အချက်အလက်အရ နိုင်ငံတဝန်း အကျဉ်းထောင် (၄၂)ခုကနေ နိုင်ငံရေးအကျဉ်းသား ၃၄၄ ဦး လွတ်မြောက်လာတာကို စိစစ်အတည်ပြုထားနိုင်ပြီး အင်းစိန်ထောင်က လွတ်မြောက်လာသူတွေကိုတော့ အတည်ပြုနိုင်တာမျိုး မရှိသေးဘူးလို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကလည်း Burma VJ ကို ပြောပါတယ်။
“လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၅၀၅ ပုဒ်မနဲ့ကို ၆၀၀ ဦးခန့် လွှတ်ပေးဖို့ရှိတယ်၊ လွှတ်ပေးတဲ့အထဲမှာပါတယ်လို့ ပြောထားပေမဲ့ တကယ့်လက်တွေ့မှာတော့ ထက်ဝက်ဝန်းကျင်ခန့်ကို လျော့နည်းနေတာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းဖြစ်တယ်။ မြေပြင်မှာကတော့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့အချက်တွေနဲ့ လွဲစင်ကင်းကွာနေတယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်”လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူတွေထဲက (၆၀၀)ဝန်းကျင်ကို လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်မှုဟာ မြေပြင်အချက်အလက် ကောက်ယူမှုအခက်အခဲတွေကိုသိရှိထားတာကြောင့် နိုင်ငံရေးအမြတ်ထုတ်လိုမှုနဲ့ မီဒီယာတွေနဲ့ နိုင်ငံတကာကို ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာဖြစ်တယ်လို့လည်း ကိုသိုက်ထွန်းဦး ပြောပါတယ်။
လက်ရှိ PPNM က စိစစ် အတည်ပြုကောက်ယူထားတဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုစာရင်းတွေထဲမှာ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ကျဉ်းအရေအတွက်ကို စိစစ်အတည်မပြုနိုင်သေးပေမဲ့ (၁၀၀) ဝန်းကျင်ခန့်သာရှိတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအရ ထင်ရှားသူ အနည်းငယ်သာပါဝင်ခဲ့ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ခက်အောင်နဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့သာ ပါဝင်လာပါတယ်။
စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးအမှု၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းအက်ဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ၊အကြမ်းဖက်ဥပဒေနဲ့ အဂတိဥပဒေပုဒ်မတို့မှအပ ကျန်တဲ့ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။




Comments