သူတို့(ရိုဟင်ဂျာ)ဇာတိမှာပြန်ပြီးတော့ လုံလုံခြုံခြုံနဲ့ဘဝကိုပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်ဘူးဆိုတာက ဒီနေရာတွေကိုအေအေကကိုင်သွားပြီလေ

BVJ_နိုဝင်ဘာ ၂၅၊ ၂၀၂၆

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့က နိုင်ငံတကာတရားရုံး (ICJ) ရဲ့စီရင်ချက်နဲ့ ပတ်သက်ပြီး ICJ က ဘာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာလဲ။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ နီးစပ်လာပြီလား။ နိုင်ငံတကာမှာ လက်တွေ့အရေးယူဖို့ ဘယ်လိုယန္တရားတွေ ရှိနေသလဲဆိုတာတွေကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သုတေသီ ဒေါက်တာမောင်ဇာနည်နဲ့ မေးမြန်းထားပါတယ်။
---
BVJ_ကျွန်တော့်အနေနဲ့ပထမဆုံးမေးချင်တာက အခုအိုင်စီဂျေရဲ့စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် အင်မတန်မှအရေးကြီးပေမဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်တဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဘဝတွေကိုတော့ချက်ချင်းပြောင်းလဲသွားစေမှာမဟုတ်ဘူးလို့ ဒေါက်တာဇာနည်က နိုင်ငံခြားသတင်းဌာနတစ်ခုမှာ ပြောထားတာတွေ့ရပါတယ်။ ဒီအချက်ကိုပရိသတ်တွေ ပိုပြီးရှင်းရှင်းလင်းလင်းနားလည်အောင် ပြန်ရှင်းပြပေးပါဦး။
ဒေါက်တာမောင်ဇာနည်_ဒီဂျီနိုဆိုက်ဥပဒေရဲ့သမိုင်းပေါ့။ ခုနှစ်ဆယ့်ရှစ်နှစ်ရှိသွားပြီပေါ့နော်။ ထောင့်ကိုးရာလေးဆယ့်ရှစ်မှာ ကျွန်တော်တို့မြန်မာပြည်လွတ်လပ်ရေးရပြီးတော့ ကိုးလဆယ်လလောက်နေတဲ့အချိန်မှာ စပေါ်လာတဲ့ဥပဒေပေါ့နော်။ ဒီဥပဒေရဲ့သမိုင်းမှာ ကျွန်တော်တို့မြန်မာပြည်ကပထမဦးဆုံး ဒီကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံထဲမှာ နာဇီ၊ ဂျာမနီပုံစံမျိုးပေါ့နော်၊ အဲ့လိုအဆင့်မျိုးကို သတ်မှတ်လိုက်တာလို့ပြောလို့ရတာပေါ့နော်။ ဒီအထဲမှာပြည်သူကတော့ တစ်ကဏ္ဍပေါ့နော်။ အဲ့လိုနိုင်ငံတော်ပေါ့။ ချက်ချင်းဘာလို့ ဒီရိုဟင်ဂျာတွေရဲ့ ဘဝအနေအထားပေါ့နော်။ မြန်မာပြည်ထဲမှာဆိုရင်လည်း သန်းတစ်ဝက်လောက်ကျန်ခဲ့မှာပေါ့။ အရင်တုန်းက ဒီဦးခင်ရီတို့ ဗိုလ်ချုပ်သိန်းစိန်တို့ခေတ်က ဗမာပြည်ထဲမှာ ရိုဟင်ဂျာတွေနှစ်သန်းကျော်ရှိတယ်လို့ သူတို့ပြောထားတယ်လေ။ တစ်သန်းခွဲပေါ့။ ဒီဒေါ်အောင်ဆန်းစုကြည်တို့မတက်လာခင်မှာ ဦးခင်ရီအတွက် ဒီလူဝင်မှုကြီးကြပ်ရေးဝန်ကြီး အရင်တုန်းကရဲချုပ်၊ ဗိုလ်ချုပ်ခင်ညွန့်တပည့် ထောက်လှမ်းရေးဘက်ကပေါ့နော်။အခုUSDPရဲ့ ဦးခင်ရီပေါ့။ သူကတရားဝင်ထုတ်ပြန်သွားတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနှစ်သန်း၊ သူတို့ကတော့ခေါ်တော့ ဘင်္ဂါလီပေါ့နော်။ ဒါပေမဲ့ဒီဘင်္ဂါလီရဲ့ တကယ့်နာမည်ကတော့ ရိုဟင်ဂျာပေါ့။ ဒီရိုဟင်ဂျာနှစ်သန်းကျော်ရှိတယ်လို့ သူတို့က တရားဝင်ပြောသွားတယ်။ အဲ့တော့ ကျန်ခဲ့တာက ငါးသိန်းလောက်ပဲကျန်ခဲ့တယ်ပေါ့နော်။ အခု ဒီ အေအေတပ်ထိန်းချုပ်ထားတဲ့ စစ်ရေးအရကိုင်ထားတဲ့ ရိုဟင်ဂျာနယ်မြေတွေမှာ ငါးသိန်းလောက်ပဲကျန်တယ်။ သူတို့တစ်သန်းခွဲလောက်က အပြင်ရောက်သွားတာကိုပြောတာနော်။ သူတို့ပြန်မယ့်သူတို့ရဲ့ ဇာတိဌာနေ ဘူးသီတောင်၊ မောင်တောပေါ့နော်။ အဲတော့ရွာပေါင်း အရင်တုန်းက ၉၀၀ လောက်ရှိတဲ့နေရာမှာ ၃၈၀ လောက်ကို ၂၀၁၆နဲ့ ၂၀၁၇ ၂နှစ်အတွင်းမှာ ရိုဟင်ဂျာရွာတွေ သုံးရာကျော်ကိုမီးရှို့ဖျက်ပစ်လိုက်တယ်ပေါ့နော်။ ဖျက်ပစ်လိုက်ပြီးတော့ ဒီတပ်က ဘူဒိုဇာတွေနဲ့ထိုးတယ်။ နောက်တစ်ခါ အန်အယ်လ်ဒီတက်လာတဲ့အချိန်မှာပေါ့။ အဲ့ဒီအချိန်ကနှစ်ထောင့်ဆယ့်ခြောက်နဲ့ နှစ်ထောင့်ဆယ့်ခွန်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီအရပ်သား ရွေးကောက်ပွဲနိုင်တဲ့အစိုးရရဲ့လက်အောက်မှာ ဖြစ်တာပေါ့နော်။ ဒီအန်အယ်လ်ဒီအစိုးရက တပ်ကိုထိန်းချုပ်နိုင်တာ မထိန်းချုပ်နိုင်တာက တကဏ္ဍ။ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မျက်နှာဖုံး၊ နိုင်ငံရေးကိစ္စကိုကိုင်သွားတာကဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအစိုးရဖြစ်တယ်နော်။ ပြီးတော့ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့ပြန်နိုင်ဖို့ကိုက ဒီဥပဒေ၊ ဒီတရားရုံးရဲ့ချမှတ်မှုအရဆို သူတို့ပြန်ရမယ်။ သူတို့ဇာတိမှာပြန်ပြီးတော့ လုံလုံခြုံခြုံနဲ့ဘဝပြန်လည်ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာက ဒီနေရာတွေကို အေအေကကိုင်သွားပြီလေနော်။ တရားစီရင်မှုဌာနချုပ်ဖြစ်တဲ့ အိုင်စီဂျေရဲ့ပြောချက်မှာ အေအေကိုထည့်မပြောသွားဘူးနော်။ ထည့်မပြောဘူးဆိုတာ အဲ့ဒီအချိန်တုန်းက အေအေကအဲ့ဒီမှာမရှိဘူး။ နောက် အိုင်စီဂျေရဲ့မှုခင်းသုံးသပ်မှုကိစ္စ တရားစီရင်မှုကိစ္စက ၂၀၁၆ နဲ့ ၁၇ ၂နှစ်အတွင်းမှာဖြစ်တဲ့ သတ်တဲ့ဖြတ်တဲ့၊ ရွာမီးရှို့၊ မုဒိန်းကျင့် ဒီကိစ္စတွေနဲ့ထွက်ပြေးအောင်လုပ်တာ။ ထွက်ပြေးတဲ့လူတွေကို ဟို လိုက်သတ်တာပေါ့ဗျာ။ အဲ့ဒီလောက်ပဲလုပ်တော့ သူက အေအေက အဲဒီသူတို့ပြောတဲ့စကားဝိုင်းထဲမှာ တရားဥပဒေအရ ဆွေးနွေးမှုက အေအေမပါဘူး။ အဲတော့ အဓိကထားပြီးတော့ပြောတာတော့ မြန်မာနိုင်ငံတော်ပေါ့နော်။ ဒီအိုင်စီဂျေရဲ့ တရားဆုံးဖြတ်ချက်နဲ့ တကယ်ပြောရရင်တော့ တရားဆုံးဖြတ်ပြီးအမိန့်ထုတ်လိုက်တာပေါ့။ ဒီလိုလုပ်ရမယ်လို့ပြောတာ။ အဲဒါကိုသူကလုပ်နိုင်အောင် ICJမှာ ဘယ်လိုပြောမလဲ Unenforceable power ပေါ့နော်။ ဒီ အကောင်အထည်ဖော်နိုင်တဲ့ သူ့မှာအင်အားမရှိဘူး။ အင်အားရှိတာက ကုလသမဂ္ဂလုံခြုံရေးကောင်စီကရှိတာ။

BVJ_ ယူကေကတကယ်လို့ Securityကောင်စီကိုတင်မယ်ဆိုရင်လည်း အရင်တုန်းက ဗီတိုအာဏာနဲ့ပယ်ချနေတဲ့လူတွေက တရုတ်နဲ့ရုရှားပဲရှိတယ်။ အခုကအမေရိကန်မှာတိုးလာတဲ့သဘောရှိတာပေါ့။
ဒေါက်တာမောင်ဇာနည်_ဟုတ်တယ် အဲ့လိုမျိုးဖြစ်လာနိုင်တယ်။ ဘာလို့ဆိုတော့ အမေရိကန်ကဒီလိုလေ။ ဒီအမေရိကန်က လက်ရှိတက်လာတဲ့ ဒေါ်နယ်ထရန့်က ပထမဒေါ်နယ်ထရန့်နဲ့တောင်မှမတူတော့ဘူး။ အခုတက်လာတဲ့ဒုတိယ ဒေါ်နယ်ထရန့်က သူကဒါ ၁၉ရာစုနှစ်က မြန်မာပြည်လာပြီးတော့ အနိုင်ကျင့်တဲ့ဟာလိုမျိုးပေါ့နော်။ ကိုလိုနီဟာတွေနဲ့ သွားနေတာ။ ဗင်နီဇွဲလားနိုင်ငံက သမ္မတလုပ်တဲ့လူကိုပြန်ပေးဆွဲပြီးတော့ ဒုတိယသမ္မတကိုရုပ်သေးလိုတင်ပြီးတော့ ဗင်နီဇွဲလားနိုင်ငံကထွက်တဲ့ရေနံတွေကို ငါးဆယ်ရာခိုင်နှုန်းအကျော် သူတို့ကအမြတ်ထုတ်ယူတာလေ။ သိတယ်မလား။ ကျူးဘားကိုလည်း တိုက်မယ်ပြောတယ်။ ဂရင်းလန်းကိုလည်း ဝင်လုပ်မယ်ပြောတယ်။ နောက်တစ်ခါ ဘိုင်ဒန်လက်ထက်တုန်းက Burma Actဆိုပြီးတော့ထွက်သွားတယ်။ Burma Actဆိုတာ လက်နက်မပေးတာ၊ စစ်ရေးအရမကူတာကလွဲလို့ရှိရင် အမေရိကန်နိုင်ငံကဥပဒေထုတ်ပြီးတော့ မြန်မာပြည် ဒီတော်လှန်ရေးလုပ်နေတဲ့အဖွဲ့တွေကိုကူရမယ်ဆိုပြီးတော့ လုပ်သွားတာက သူကအစိုးရပြောင်းတာနဲ့ ပေါ်လစီပြောင်းလို့မရအောင် ဘိုင်ဒန်တို့ဘက်ကလုပ်သွားတာသိတယ်မလား။ သူက ဥပဒေအရကူရမှာ ပေါ်လစီဆိုတာကဗျာ။ သမ္မတတစ်ယောက်တက်လာတာနဲ့ ဒီကောင်ကပြောင်းလို့ရတာကို နိုင်ငံခြားရေးမူဆိုတာ သမ္မတရဲ့လက်ထဲမှာကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတာပေါ့နော်။ စစ်ကြေညာတာက ဒါ Comparison ညှိပြီးတော့လုပ်ရတာကိုး။ ဒီဒေါ်နယ်ထရန့်က ပြည်တွင်း သူတို့အမေရိကန်ရဲ့ ဥပဒေကိုလည်းမလိုက်နာဘူး။ အမေရိကန်ရဲ့ ခြေဥကိုလည်းမလိုက်နာဘူး။ အပြည်ပြည်ဆိုင်ရာ ဥပဒေကိုလည်းမလိုက်နာတဲ့အပြင် ဟိုဟာ သူကကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်းဂရုမစိုက်ဘူး။ ဂရုမစိုက်လို့ပဲ သူကသူလုပ်ချင်တာသူလုပ်နေတာ။ ဒါ Board of Peaceလို့ထောင်တယ် ထားပါ။ ကျွန်တော်တို့ ဒီဟာကပေါ့နော်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသွားလို့ရှိရင်လည်း ဒီနေ့ပဲ တရုတ်ကကြေညာချက်ပေါ့။ ကြေညာချက်ဆိုတာ နိုင်ငံရေးဝန်ကြီးဌာနကပြောပြီလေ။ အိုင်စီဂျေက စီရင်ချက်ချပေးလိုက်တဲ့ တရားရုံးစီရင်ချက်က ဒါ...ရှင်းရှင်းပြောရင်သူတို့လက်မခံဘူးပေါ့ဗျာ။ အခုဒီမနေ့က အိုင်စီဂျေရဲ့ဆုံးဖြတ်ချက်မှာတော့ သူတို့ကိုခြိမ်းခြောက်တာကိုတောင်မှ အိုင်စီဂျေရဲ့ တရားသူကြီးကိုးယောက်ကလုံးဝဂရုမစိုက်ဘဲနဲ့ သူတို့ရဲ့ပညာရှင်အနေနဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ သူတို့လုပ်သွားတာလေ။
BVJ_ကျွန်တော်ဆက်မေးချင်တာက အခုအိုင်စီဂျေရဲ့ဆုံးဖြတ်ချက်က ဒီသင်္ကေတသဘော Symbolicသဘောမျိုးပဲဖြစ်ပြီးတော့ လက်တွေ့အရေးယူဖို့ခက်ခဲတယ်လို့ ဝေဖန်နေကြတာရှိတယ်။ တဖက်မှာလည်း ဒီဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ကိုနိုင်ငံတကာအသိုင်းအဝိုင်းမှာ တရားဝင်အစိုးရတစ်ရပ်အဖြစ် ရပ်တည်လို့မရအောင် တရားဥပဒေနဲ့အပြီးတိုင်ချုပ်နှောင်လိုက်တဲ့ ဥပဒေလက်နက်ဖြစ်တယ်လို့လည်း သုံးသပ်ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ ကိုဇာနည်ရဲ့သဘောထားအမြင်လေးနည်းနည်းပြောပေးပါဦး။
ဒေါက်တာမောင်ဇာနည်_ အခု Symbolicဆိုတာ သင်္ကေတအနေနဲ့ပေါ့ဗျာ။ အဲလောက်ပဲတန်ဖိုးရှိတယ်ဆိုတာ အဲ့ဒါကိုကျွန်တော်လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက တရားဥပဒေသမိုင်းပေါ့နော် ဒုတိယကမ္ဘာစစ်ကြီးပြီးမှပေါ်လာတဲ့ တရားဥပဒေသစ်တွေရှိတယ်။ ဒီ စစ်ခုံရုံးကစတာပေါ့နော်။ ဒီ နာဇီခေါင်းဆောင်တွေကို ခုံရုံးတင်ပြီးတော့ ဟုတ်လား။ တစ်ဒါဇင်လောက်ကို သတ်ပစ်တာပေါ့နော် တရားရုံးက။ နောက်တစ်ခါ ဒီတိုကျိုမှာ ဖက်ဆစ်ပေါ့နော်။ ကျွန်တော်တို့နိုင်ငံလည်း ဖက်ဆစ်အောက်မှာသုံးနှစ်နေခဲ့ရတာလေ။ ကျွန်တော်တို့ဗမာပြည်ကို အကြီးအကျယ် ဒုက္ခပေးသွားတဲ့ဖက်ဆစ်ခေါင်းဆောင်က ဗိုလ်ချုပ်လုပ်သွားတဲ့တိုကျို။ တိုကျိုကိုလည်းသတ်ပစ်လိုက်တယ်။ Military Tribunalဆိုတဲ့ စစ်ခုံရုံးမှာ။ ဂျာမနီမှာပေါ့နော်။ အဲ့တော့ အဲ့ဒီစစ်ခုံရုံးတွေနှစ်ခုကနေပြီးတော့ နောက်ပိုင်းမှာပေါ်လာတာ။ အဲ့ဒါ လေးဆယ့်ငါး၊လေးဆယ့်ခြောက်လောက်မှာ လုပ်တာပေါ့နော်။
ထောင့်ကိုးရာလေးဆယ့်ရှစ်မှာ ဂျီနိုဆိုက်ကွန်ဗန်းရှင်းပေါ်လာတယ်ပေါ့နော်။ ပေါ်လာတော့ဒီ ဒီကိစ္စကရိုဟင်ဂျာတွေ ပြန်နိုင်တာမပြန်နိုင်တာဆိုတဲ့ကိစ္စထက် အများကြီးပိုပြီးတော့အရေးကြီးတယ်နော်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဥပဒေဟိုဟာလောက ပညာရှင်လောကမှာ နောက်တစ်ခုကဒီကျွန်တော်တို့ အက်တစ်ဗစ်လောကမှာ ဒီဟာက အလွန်ကောင်းတဲ့ဖြစ်ရပ်ကြီးတစ်ခုလို့ ကိုးဆယ်ရာခိုင်နှုန်းလူအများစုကဒီလိုသုံးသပ်တယ်။ အဲ့ဒီထဲမှာကျွန်တော်လည်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကအခုဟာက ကြီးနိုင်ငယ်ညှင်းဆိုတဲ့သဘောနဲ့ အမေရိကန်ကလုပ်တယ်ဗျာ။ ဟုတ်တယ်မလား အဲ့လိုလုပ်တဲ့ကမ္ဘာကြီးပေါ့ဗျာ။ ကြီးနိုင်ငယ်ညှင်းဆိုတော့ တိရစ္ဆာန်လိုကျွန်တော်တို့လူ့လောကကြီးကို တိရစ္ဆာန်တွေလိုလုပ်တဲ့ တောကြီးမျက်မည်းပုံစံမျိုး အနောက်ပိုင်းပြန်သွားတာပေါ့ဗျာ။ ၁၈ရာစု၊ ၁၇ရာစု၊၁၆ရာစု၊ ၁၉ရာစုပြန်သွားတာ။ ကျွန်တော်တို့မြန်မာပြည်သားတွေထဲက ဒါကိုကျွန်တော်တို့ကအလေးပေးသင့်တယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့နိုင်ငံလည်း အင်္ဂလိပ်ကကြီးနိုင်ငယ်ညှင်းလုပ်လို့ကျွန်ဖြစ်သွားတာ အနှစ်တစ်ရာကျော်။ နောက်ကျွန်တော်တို့ ဒီဗမာဘုရင်တွေကလည်း ကြီးနိုင်ငယ်ညှဉ်းလုပ်ခဲ့တာတွေလည်း ကိုယ့်ဘက်ကလူတွေကလည်း အများကြီးရှိတယ်။ အဲ့တော့အဲ့ဒီစနစ်ဆိုးကြီး လူသားမဆန်တဲ့ ကြီးနိုင်ငယ်ညှင်းတိရစ္ဆာန်လောကကြီးကို ပြန်သွားနေတဲ့အနေအထားတွေ အရောင်တွေ နျူကလီးယားဗုံးရှိတဲ့လူတွေကလည်း ချမယ်ဆိုတာမျိုးတွေဖြစ်နေတဲ့ကာလကြီးမှာ ဒီအိုင်စီဂျေက ဒီအမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေခံနေရတာကိုတောင်မှ ဥပဒေရဲ့ အရေးပါမှုကိုပြန်ပြီးတော့ပြန်ချတာပေါ့ဗျာ။ ကျွန်တော်ကတော့ အိုင်စီဂျေကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တော်တော်ကြီးကိုကျေးဇူးတင်တယ်။ ဘာလို့တုန်းဆိုတော့ ကျွန်တော်တို့က ဒီကြီးနိုင်ငယ်ညှင်း လောကကိုနေလို့မရဘူး။ အဲတော့ကျွန်တော်တို့ဒီဗမာတွေဆိုလို့ရှိရင်လည်း အင်အားရှိကြီးတဲ့ကမ္ဘာ့နိုင်ငံကြီး ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးနော်။ အဲ့တော့အဲ့လိုအနေအထားမှာ တော်လှန်ရေးအုပ်စုတွေရော တိုင်းရင်းသားတွေရော မြန်မာတွေရော ပြည်ပရောက်တဲ့လူတွေရော ဒီရိုဟင်ဂျာကိစ္စကိုကြည့်တဲ့အခါမှာ လက်ရှိဖြစ်နေတဲ့ဖြစ်စဉ်တွေကို ယှဉ်ပြီးတော့သုံးသပ်ဖို့လိုလိမ့်မယ်။ ကျွန်တော်တို့သားသမီးတွေ၊ မြေးတွေကို တိရစ္ဆာန်လောကကြီးမှာ ကျွန်တော်တို့ထားခဲ့မှာလား။ တရားဥပဒေနဲ့ တရားမျှတမှုကိုလိုလားတဲ့ ဒီကမ္ဘာ့စနစ်ကြီးကို ကျွန်တော်တို့ကထားချင်တာလား။ အဲ့ဒါတစ်ခုပေါ့။ နောက်တစ်ခုကကျတော့ ဒီအစ္စရေးကိစ္စ။ ဒီအိုင်စီဂျေရဲ့ ဟိုရုံးမှာရောက်နေတာက ဆူဒန်မှာဖြစ်နေတဲ့ဂျီနိုဆိုက်မှာ အဘူဒါဘီတို၊ ဒူဘိုင်းတို့ပေါ့ဗျာ။ UAEကနေဝင်ပြီးတော့လုပ်နေတဲ့ ဂျီနိုဆိုက်နော်။ ဒီဆူဒန်မှာဖြစ်တာ။ ယီမင်တို့ ဘာတို့မှာလည်းဖြစ်တယ်။ အဲ့ဒါက ဆော်ဒီကလုပ်တဲ့ အမေရိကန်တို့ အင်္ဂလိပ်တို့ ပြင်သစ်တို့ အနောက်ကနေပြီးတော့ လက်နက်နဲ့ကူတယ်ပေါ့ဗျာ။ နောက်တစ်ခါ ဒီရုရှားကိုလည်း ယူကရိန်းမှာCrime against humanity ပေါ့ဗျာ။ ဒါတွေလုပ်ပါတယ်။ World Crimeတွေလုပ်ပါတယ်ဆိုတော့။ အဲ့တော့ ဒီအိုင်စီဂျေရဲ့ ရုံးမှာ ဒီဂျီနိုဆိုက်ကိစ္စဖြစ်နေတာ သုံးခု၊လေးခုလောက်ရှိနေတယ်။ အဲ့တော့ ဒီရိုဟင်ဂျာကရှေ့ကနေပြီးတော့ ဟိုပေါက်သွားတယ်လို့ပြောရမှာပေါ့နော်။ ဥပဒေအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ ဒါပထမဦးဆုံးမှန်ကန်တဲ့ ဒီတရားဥပဒေကို သုံးတဲ့အနေအထားပေါ့ဗျာ။ တရားဥပဒေဆိုတာက နိုင်ငံရေးနဲ့တော့နွှယ်တယ်။ သို့သော် နိုင်ငံရေးရဲ့ အင်အားကြီးတွေကဝင်ပြီးတော့ဖက်စွက်မှုတွေသိပ်များတာကိုခံရတယ်ဆိုရင် တရားဥပဒေမဟုတ်တော့ဘူး။ တရားဥပဒေဆိုတာ မျှမျှတတသုံးရမှာကိုး။ အင်အားကြီးတဲ့လူမှားရင်လည်း အင်အားကြီးတဲ့လူမှားတာကိုတရားဥပဒေကိုသုံးပြီးတော့ အင်အားငယ်တဲ့လူကို ကာကွယ်ပေးရမှာကိုး။ နို့မို့ဆိုရင် တရားဥပဒေကအင်အားကြီးတဲ့လူတွေရဲ့ ပုဆိန်ရိုးလိုဖြစ်သွားမယ်လေ။ အဲ့တော့ ဒီအိုင်စီဂျေကလုပ်လိုက်တာကတော့ ဒုက္ခရောက်နေတဲ့လူအဖိနှိပ်ခံရတဲ့လူတွေရဲ့ဘက်မှာဝင်ပြီးတော့ ဥပဒေကိုသုံးပြီးတော့ ရပ်တည်ပေးလိုက်တယ်လို့ ကျွန်တော်ကမြင်တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီကောင်ကသင်္ကေတထက်ပိုတယ်။

BVJ_ဒီစစ်ကောင်စီကလည်း အဲ့ဒီစီရင်ချက်ကိုကန့်ကွက်ထားတာရှိတယ် အဲ့ဒီတရားရုံးအမိန့်တွေ လက်တွေ့အသက်ဝင်လာဖို့ကိုရော နိုင်ငံတကာမှာဘယ်လိုယန္တရားတွေရှိလဲ။
ဒေါက်တာမောင်ဇာနည်_အိုင်စီဂျေရဲ့စီရင်ဆုံးဖြတ်ချက်တွေကို အနောက်ကနေပြီးတော့ ကျောထောက်နောက်ခံရပ်ပေးပြီးတော့ အကောင်အထည်ဖော်ပေးရမှာက ကုလသမဂ္ဂလုံခြုံရေးကောင်စီနော်။ ဘာလို့လဲဆိုတော့ ဒီအိုင်စီဂျေကဒီတကယ်ပြောမယ်ဆိုရင် ၁၉၄၅မှာစထောင်တယ်။ ကုလသမဂ္ဂကလည်း ၁၉၄၅မှာစထောင်တယ်ဆိုတော့ သူကဖွားဖက်တော်တွေပေါ့ဗျာ ဗမာစကားနဲ့ပြောမယ်ဆိုရင်တော့။ သူက ဒီယူအန်နဲ့အတူတူ အသက်ကြီးလာတဲ့အဖွဲ့၊ပေါ်လာတဲ့အဖွဲ့ပေါ့။ ဒါပေမဲ့ ခုနကျွန်တော်အရင်တုန်းကပြောသလိုပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လုံးဝကမ္ဘာ့ပြည်သူတွေအတွက် ဘာမှသုံးစားလို့မရတဲ့အဖွဲ့ကြီးဖြစ်နေပြီ။ ဒီဘာလို့လဲဆိုတော့ ဗီတိုအာဏာအများဆုံးကိုင်ထားတဲ့ နိုင်ငံကလုပ်ချင်တာလုပ်နေတာပေါ့။ အဲ့တော့ ဒီကုလသမဂ္ဂလုံခြုံရေးကောင်စီကို အဲ့ဒီလမ်းကြောင်းကသွားလို့မရဘူးဆိုရင် သူ့ရဲ့တဆင့်နိမ့်တာဘာရှိမလဲဆိုရင် ဥပမာအာဂျင်တီးနားလိုတရားရုံးမှာရှိတယ်။ ဒီမင်းအောင်လှိုင်နဲ့ဗမာပြည်က ဗိုလ်ချုပ်တွေ၊ စစ်ခေါင်းဆောင် တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေပေါ့နော်။
အရပ်သားတွေလည်းပါလိမ့်မယ်။ နောက်ဘုန်းကြီးတောင်ပါမယ်ထင်တယ်။ သီတဂူလိုဟာမျိုးသူတို့ကို ဖမ်းဝရမ်းထုတ်ထားတယ်။ ထုတ်ထားပြီးသား တောင်းတာမဟုတ်ဘူး။ ထုတ်ထားပြီးသားဖမ်းဝရမ်းထုတ်ထားပြီးသားဆိုတော့...။အဲ့တော့အိုင်စီစီကတော့ မင်းအောင်လှိုင်ကိုဖမ်းဖို့ ဝရမ်းထုတ်ထားတယ်ဆိုတာမရှိသေးဘူး။ ဒါပေမဲ့ကျွန်တော်ထင်တယ်။ ဒီအိုင်စီဂျေပေါ့နော်။ နိုင်ငံအချင်းချင်း ဥပဒေပဋိပက္ခဖြစ်တဲ့ကိစ္စကိုကိုင်တွယ်တဲ့ အိုင်စီဂျေက တစ်ဦးချင်းရာဇဝတ်မှုလုပ်တဲ့လူတွေကိုဖမ်းတဲ့ အိုင်စီစီကို သူကလမ်းဖွင့်ပေးလိုက်တယ်လို့ ကျွန်တော်ပြောလို့ရတယ်။
BVJ_အိုင်စီစီလမ်းကြောင်းက အရှိန်မြင့်သွားမယ်ဆိုတဲ့သဘောပေါ့။
ဒေါက်တာမောင်ဇာနည်_ပွင့်သွားတယ်။ ပွင့်သွားတဲ့အခါမှာ ဂျပန်တရားသူကြီးချုပ်ပေါ့နော်။ ဒီအိုင်စီဂျေရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဂျပန်တရားသူကြီးကပြောတဲ့အထဲမှာပါတယ် နော်။ ဘာပါလဲဆိုရင် Superior Responsibilityပေါ့နော်။ စစ်ရေးမှာကျတော့ Command Responsibilityပေါ့။ ဥပမာ ရခိုင်တိုင်းမှာဖြစ်တယ်ဆိုရင် ရခိုင်တိုင်းမှူးကတာဝန်အရှိဆုံးပဲ။ တပ်သားက လုပ်လာတာပဲဖြစ်ဖြစ်၊ တပ်ကြပ်လုပ်လာတာ၊ ဗိုလ်လောက်ကလုပ်လာတာ၊ ဒါမှမဟုတ်လို့ရှိရင် တပ်မှူး တပ်ခွဲမှူး၊ ဒါမှမဟုတ်ရင် တပ်စုတစ်စုကလုပ်တာပဲဖြစ်ဖြစ် တကယ့်အကြီးဆုံး၊တာဝန်အရှိဆုံးကတိုင်းမှူးဖြစ်တယ် တိုင်းထဲမှာဖြစ်တယ်ဆိုရင်။ နိုင်ငံတစ်ခုလုံးမှာကျတော့စစ်သေနာပတိချုပ် တပ်ချုပ်မှာတာဝန်ရှိတယ်။ ဒီ၂၀၁၆နဲ့ ၁၇မှာရိုဟင်ဂျာတွေကို ဂျီနိုဆိုက်မြောက်အောင် မြန်မာ့တပ်မတော်ကလုပ်ခဲ့ပါတယ်ဆိုရင် အိုင်စီဂျေကဒီဆုံးဖြတ်ချက်ချခဲ့တယ်ဆိုရင် တစ်ဦးချင်းစီမှာ ဘယ်သူ့မှာတာဝန်ရှိသလဲဆိုရင် တပ်ချုပ်မှာနံပါတ်ဝမ်းတာဝန်ရှိတယ်နော်။ ကျွန်တော်တို့ ဒီ Nurembergတို့၊ Tokyoစစ်ခုံရုံးတို့ ၁၉၄၅၊ ၄၆လောက်ကလုပ်သွားတဲ့ စစ်ခုံရုံးတွေမှာကြည့်လိုက်ရင်၊ နောက် ဂျပန်ဖက်ဆစ်အရာရှိတိုင်းကိုခုံရုံးတင်တာမဟုတ်ဘူး။ နောက် နာဇီ၊ ဂျာမန်တပ်သားတိုင်းကို ခုံရုံးတင်တာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ တပ်သားတွေကသန်းနဲ့ချီပြီးရှိခဲ့တာကိုး။ ဗိုလ်ချုပ်တွေကိုတင်တာ။ အဲ့တော့ ဒီမင်းအောင်လှိုင်ကို သမ္မတဖြစ်ဖြစ်၊ဘာဖြစ်ဖြစ် Head of Stateဟုတ်လား ဒါတွေနားမလည်ဘူး။ ဒီမှာ အိုင်စီစီက သွား ဒီဖမ်းဝရမ်းထုတ်လို့ရတယ်နော်။ အခု အာဂျင်တီးနားက ကိုထွန်းခင်တို့လုပ်တဲ့ကိစ္စ။ ကင်တားနားတို့နဲ့ပေါင်းပြီးတော့ လန်ဒန်က မြန်မာရိုဟင်ဂျာအဖွဲ့အစည်းကလုပ်တဲ့တရားစွဲမှုကြီးမှာ လူနှစ်ဆယ်လောက်ကို ဒီတာဝန်ရှိတယ်ဆိုပြီးတော့ဖမ်းဝရမ်းထုတ်ထားတယ်။ အဲ့ထဲမှာမင်းအောင်လှိုင်ပါတယ်။ အိုင်စီဂျေရဲ့တရားဆုံးဖြတ်ချက်မှာဘာပါလဲဆိုရင် အဓိကသုံးခုပါတယ်။ နံပါတ်တစ်က မြန်မာနိုင်ငံတော်ရဲ့တပ်မတော်ကနော် သူကနိုင်ငံတော်လည်းပါတယ်။ နိုင်ငံတော်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ တပ်မတော်လည်းပါတယ်။ အဲ့ဒီဟာက ဂျီနိုဆိုက်ကိုကျူးလွန်တာ။ ကျူးလွန်တယ်ဆိုတာက သူကဒီဂျန်နဆိုက်ကွန်ဗန်းရှင်းပေါ့ဗျာ။ ဂျီနိုဆိုက်ဥပဒေဆိုတာက နိုင်ငံတွေအားလုံးထိုးထားတဲ့စာချုပ်လို့သတ်မှတ်တယ်။ ဟိုလက်ထပ်စာချုပ်လိုမျိုးပေါ့ဗျာ။ လက်ထပ်စာချုပ်ဆိုရင် လင်မယားချင်းစောင့်ထိန်းရမယ့်ဟာကို သွားပြီးတော့ နောက်မီးလင်းတာ၊ ရှေ့မီးလင်းတာ ဒါမျိုးတွေဖြစ်ရင် လင်မယားကွဲသွားနိုင်တဲ့အနေအထားမျိုးပေါ့နော်။ အခုဟာကကျ ဒီစာချုပ်ကိုဖောက်ဖျက်တယ်ဖောက်ဖျက်တဲ့နေရာမှာ နှစ်မျိုးဖောက်ဖျက်တယ်။ နံပါတ်တစ်က ဒီဂျန်နဆိုက်မလုပ်ရဘူးဆိုတဲ့ ပဋိန်ဉာဏ် လက်မှတ်ထိုးမှုကိုဖောက်ဖျက်တယ်။ နောက်တစ်ခုက ဂျီနိုဆိုက်မဖြစ်အောင်မဖြစ်အောင် ကြိုတင်တားရမယ်ဆိုတဲ့ ခံဝန်ချက်လည်းပါတယ်နော်။ အဲ့ဒါဒုတိယဟာပေါ့။ အဲ့ဒါမြန်မာနိုင်ငံက အဲ့ဒီနှစ်ခုစလုံးမှာပျက်တယ်။ နောက်တစ်ခုက ဘာပိုဆိုးတာလဲဆိုရင်အိုင်စီဂျေက ယာယီတားမြစ် အမိန့်ဆိုတာထုတ်ထားတာရှိတယ်။ Provisional Measuresလို့ခေါ်တယ်ပေါ့နော်။ မနေ့က(၂၀၂၆၊ နိုဝင်ဘာ ၁၉ရက်)ထုတ်တာကနောက်ဆုံးပေါ့။ အဲ့ဒီနောက်ဆုံးဆုံးဖြတ်ချက်မထွက်ခင်၊ တရားစီရင်ချက်မချခင်မှာ ယာယီတရားစီရင်ချက်ပါတယ်။ အဲ့ဒီတရားစီရင်ချက်မှာ သက်သေ သက်ကာရဖြစ်တဲ့နေရာတွေကိုမဖျောက်ရဘူး မဖျက်ရဘူးဆိုတဲ့ဟာမျိုးပါတယ်ပေါ့ဗျာ။ အဲ့တော့ပါတော့ ဦးဝင်းမြတ်အေးတို့ကဒီဟာကို သူတို့ကဖျက်ဆီးလိုက်တယ်။ အဲ့ဒီမှာ သူတို့ကသွားငြိတယ်။ ကျွန်တော်ဆိုလိုတာ အဲ့ဒီသုံးချက်က အကြီးအကျယ်ငြိတာပေါ့နော်။ နောက်တခြားဟာတွေတော့ နောက်ချဲ့မပြောတော့ပေါ့။ အဲ့ဒီသုံးချက်ကိုပဲပြောမယ်။

BVJ_ဂျီနိုဆိုက်အမှုကျူးလွန်တဲ့ ဒီမြန်မာစစ်ခေါင်းဆောင်တစ်ဦးချင်းစီကို ဖမ်းဝရမ်းထုတ်ပြီးအရေးယူမယ့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအိုင်စီစီရဲ့ ဒီလက်တွေ့ လုပ်ဆောင်မှုက လက်တွေ့ process ကဘယ်တော့လောက် ဖြစ်လာမယ်ထင်လဲ။
ဒေါက်တာမောင်ဇာနည်_ သူက ဒီ၂နှစ်အတွင်းမှာ။ ၂နှစ်အချိန်ပေးတာကိုး။ မြန်မာပြည်က ဒီကွန်ဗန်စေးရှင်းပေါ့နော်၊ ရိုဟင်ဂျာတွေကို ငွေပေးဖို့ကိစ္စကဟုတ်လား။ သူ့ဟာနဲ့သူတွက် ဘတ်ဂျက်တွေဘာတွေလုပ်ရမယ်ဆိုတော့ မြန်မာပြည်က၂နှစ်အချိန်ရှိတယ်။ အဲ့ဒီ၂နှစ်အတွင်းမှာဘာတွေလုပ်မလဲဆိုတာကို ဟိုကကြည့်မှာပေါ့။ ဒါပေမဲ့ အခုအနေအထားအရဆိုလို့ရှိရင်တော့ ဒီလက်ရှိမြန်မာအစိုးရကလုံးဝ ဒီအိုင်စီဂျေရဲ့ဆုံးဖြတ်ချက်ကို တရားမမျှတဘူးတို့၊ နောက်တစ်ခါကျတော့ တရားသူကြီး ၁၅ ယောက်မှာ ၉ ယောက်ကပဲ ဒါကိုထောက်ခံပြီးတော့ ၆ ယောက်ကမပါပါဘူးဆိုတာမျိုးတွေပေါ့ဗျာ။ အဲ့လိုမျိုးပြောပြီးတော့ လုပ်နေတဲ့အနေအထားမျိုးမှာ သူကဆက်ပြီးတော့ ICJကလည်း သူတို့ကိုစောင့်ကြည့်တဲ့နေရာမှာ သင်္ကေတအရပေါ့။ ဒီဘက်ကလည်း ဗြောင်ပြောနေပြီဗျာ။ မလိုက်နာဘူးလို့ပြောနေပြီဆိုတော့ဒီ၂နှစ်တောင်မှခံချင်မှခံမှာပေါ့။ တခြားဒီအိုင်စီစီကလည်း ဒီကိစ္စကိုဆက်လုပ်ဖို့လည်း ကြိုးစားရင်ကြိုးစားမှာပေါ့။
BVJ_အိုင်စီဂျေကချတဲ့အမိန့်ကို ဒီစစ်အုပ်စုကမလိုက်နာဘူးဆိုရင် ၂နှစ်အတွင်းမှာအိုင်စီစီဆီကို ရောက်သွားမယ့်သဘောပေါ့။
ဒေါက်တာမောင်ဇာနည်_လမ်းကြောင်းကတော့မတူဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီ ဂျပန်တရားသူကြီးက လမ်းခင်းသွားရတဲ့စကားမျိုးတွေပါပြောသွားတာပေါ့နော်။ Superior Responsibilityက ဘယ်သူရှိတယ်၊ ဘာညာမျိုးပေါ့ဗျာ။ နာမည်တော့မပြောဘူးပေါ့။ အဲ့ဒါကိုဥပဒေကြောင်းအရပြောမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ် အိုင်စီဂျေကဒီလိုမျိုးပေါ့နော်။ နိုင်ငံတစ်ခုမှာ ဒီလိုမျိုး ဂျီနိုဆိုက်လုပ်ပါတယ်ဆိုရင် လုပ်တဲ့လူတွေရဲ့တစ်ဦးချင်းစီကိုလည်း အရေးယူဖို့ အိုင်စီဂျေတရားသူကြီးတွေရဲ့စိတ်ထဲမှာ ဒါရှိလိမ့်မယ်လေ။ နိုင်ငံတော်ကိုအရေးယူတာကတစ်မျိုး၊ တစ်ဦးချင်းစီလုပ်တဲ့သူတွေကို အရေးယူတာကတစ်မျိုးဆိုတော့ အိုင်စီဂျေနဲ့အိုင်စီစီက တစ်ဖက်နဲ့တစ်ဖက်နဲ့ပေါ့နော်၊ ဒီဥပဒေကြောင်းအရ ဆက်နွယ်မှုရှိတဲ့စကားမျိုးတွေ ဒီအိုင်စီဂျေကပြောသွားတယ်လို့ ကျွန်တော်ကသုံးသပ်တယ်။ ဒါကိုပေါ့နော် ဒီတော်လှန်ရေးလုပ်ငန်းလုပ်တဲ့လူတွေ၊ နောက်တစ်ခါရိုဟင်ဂျာတွေက သဘောပေါက်ဖို့လိုတယ်ပေါ့နော်။
BVJ_အခုလိုအချိန်ပေးပြီး အသေးစိတ်ရှင်းလင်းသုံးသပ်ပေးတဲ့အတွက် ဆရာဒေါက်တာမောင်ဇာနည်ကို Burma VJကနေ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
ဒေါက်တာမောင်ဇာနည်_ကျွန်တော်လည်းကျေးဇူးတင်ပါတယ်...
---
ရုပ်သံအင်တာဗျူးကို ကြည့်ရှုနားဆင်ချင်တယ်ဆိုရင်တော့ ဒီလင့်
https://youtu.be/V8PswSDsenY ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။



Comments