top of page

နိုင်ငံရေးနဲ့ ကင်းကင်းနေချင်တဲ့ အဆိုတော် အက်ဒ်ရှီးရန် (Ed Sheeran) ဘာတွေရင်ဆိုင်နေရတာလဲ

Writer: BVJ
BVJ
5 days ago
3 min read

အေတီ


သူနဲ့ ပူးပေါင်းဖျော်ဖြေမယ်အဖွဲ့တွေ ရပ်ဆိုင်းလာတာကြောင့် အက်ဒ်ရှီရန်က သူ့ရဲ့ ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းတော့မှာလား။
သူနဲ့ ပူးပေါင်းဖျော်ဖြေမယ်အဖွဲ့တွေ ရပ်ဆိုင်းလာတာကြောင့် အက်ဒ်ရှီရန်က သူ့ရဲ့ ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းတော့မှာလား။

အဆိုတော် အက်ဒ်ရှီရန်ဟာ အမေရိကန်ပြည်ထောင်စုမှာ လုပ်မယ့် သူ့ရဲ့ အားကစားကွင်း ဖျော်ဖြေပွဲခရီးစဉ်ကနေ ရက်ပ်ပါ အဆိုတော် မက်ကယ်မိုး (Macklemore) ကို ဖြုတ်ချလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာမုန်တိုင်းကြီးနောက်မှာ သူ့ရဲ့ ဂီတသမိုင်းတစ်လျှောက် အကြီးမားဆုံး ဝေဖန်မှုစိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။


ရှီရန်ဟာ အချိန်ကာလ အတိုအတွင်း အောင်မြင်မှုအကြီးမားဆုံး တေးရေးဆရာ အဆိုတော်တွေထဲက တစ် ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းခွေတွေဟာ အချပ်ရေ သန်း ၁၂၀ ကျော် ရောင်းချခဲ့ရပြီး အမေရိကန် အယ်လ်ဘမ် စာရင်းတွေမှာလည်း သီတင်းပတ်ပေါင်း ၁,၀၀၀ ကျော် အထိ ရပ်တည်ခဲ့ဖူးပါတယ်။

 

သူ့ကို လူကြိုက်များစေတဲ့ အကြောင်းရင်းတွေထဲမှာ (စွဲမက်ဖွယ်ကောင်းတဲ့ သူ့သီချင်းတွေအပြင်) ရိုးစင်းတဲ့ သူရဲ့ ပုံစံလည်း ပါဝင်ပါတယ်။ သူက ဂလက်စတန်ဘူရီ (Glastonbury) ပွဲတော်ရဲ့ အဓိက ဖျော်ဖြေမယ့်သူတစ်ယောက်လို ဝတ်ဆင်ထားတာမျိုး မဟုတ်ဘဲ၊ ရထားပေါ်ကနေ အိမ်ပြန်လာတဲ့ ပရိသတ်တစ်ယောက်လိုပဲ ကြည့်ကောင်းပြီး ရိုးရိုးရှင်းရှင်း ဝတ်ဆင်တတ်သူပါ။

 

သူ့ကိုယ်သူ  ဘယ်သူ့အတွက်မှ ခြိမ်းခြောက်မှုမရှိတဲ့၊ အားလုံးကို လက်ခံတတ်တဲ့ လူပုံစံမျိုး ဖြစ်အောင် အမြဲတမ်း ဂရုတစိုက် တည်ဆောက်ထားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ သူရဲ့ ဝတ်စုံတွေအားလုံးကို ပရဟိတဆိုင်တွေဆီ လှူဒါန်းခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ နာကျင် ကိုက်ခဲမှုရောဂါဝေဒနာတစ်ခုခုကြောင့် အသတ်ခံရတော့မယ့် အသက်တစ်လသာ ရှိသေးတဲ့ ကြောင်ပေါက်စလေး တစ်ကောင်ကို မွေးစားခဲ့ပြီး ဂ‌ရေဟမ် (Graham) လို့ နာမည်ပေးခဲ့ပါတယ်။ လက်ရှိမှာလဲ  သူဟာ မူလဇာတိ ဆပ်ဖ်ဖော့ခ် (Suffolk) ပြည်နယ်က အသက် ၁၈ နှစ်အောက် လူငယ်တွေအတွက် ဂီတပညာသင်ကြားပေးတဲ့ ပရဟိတလုပ်ငန်းတစ်ခုကို တည်ထောင် လုပ်ကိုင်နေပါတယ်။


သူဟာ နိုင်ငံရေးနဲ့ ဝေးဝေးနေဖို့ ကြိုးစားတတ်ပြီး၊ မူပိုင်ခွင့် ကာကွယ်ရေးနဲ့ လက်မှတ်ဈေးက စားမှု တိုက်ဖျက်ရေးလို ကိစ္စတွေအတွက် လှုံ့ဆော်တဲ့အခါ ဒါမှမဟုတ် ခရီးသွား ဂီတပညာရှင်တွေအပေါ် Brexit ရဲ့ သက်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောတဲ့အခါလောက်မှာသာ နိုင်ငံရေးထဲ ဝင်ပါတတ်ပါတယ်။

ဒါပေမဲ့ အနုပညာရှင် အများစုလိုပဲ သူကလည်း ဘယ်ဘက်ယိမ်း တဲ့ သဘောထား ရှိပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက မဲဆွယ်စည်းရုံးရေးပွဲတွေမှာ လက်ဝဲယိမ်းတဲ့အယူအဆကို ထောက်ခံကြောင်း တရားဝင် မပြောခဲ့ပေမဲ့၊ အဲဒီအချိန်က ယူကေက လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီ ကော်ဘင် (Jeremy Corbyn) ကို ထောက်ခံကြောင်း သူက ပြောခဲ့ဖူးပါတယ်။

"ကျွန်‌တော်က သူ့နောက်မှာ ရပ်တည်ကြောင်း တရားဝင်မပြခဲ့တော့ လူတွေက ကျွန်တော် ဟာ ကော်ဘင်ကို ထောက်ခံသူ မဟုတ်ဘူးလို့ ထင်ကြတယ်" လို့ ရှီးရန်က Sunday Times သတင်းစာကို ပြောခဲ့ပါတယ်။ "မင်းတို့သာ ကျွန်တော့်ကို  လူကိုယ်တိုင် သိပြီး ကျွန်တော့်သီချင်းတွေကို နား ထောင်ဖူးမယ်ဆိုရင် သူဟာ ငါ တကယ်သဘောကျတဲ့ လူစားမျိုး ဖြစ်တယ်ဆိုတာကို ကောင်း ကောင်း ခန့်မှန်းနိုင်မှာပါ" လို့ ဆိုပါတယ်။


 ဂီတနဲ့ မဆိုင်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လာရင်တော့ ရှီးရန်က အသံတိတ်နေဖို့ကိုသာ ပိုနှစ် သက် တတ်တဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ ဂီတဆိုတာ လူတွေကို ပေါင်းစည်း ပေးသင့်တယ် ဆိုတာပါပဲ။ သူ့ရဲ့ ဖျော်ဖြေပွဲတွေကို အတူတကွ ခံစားရတဲ့ လူသား ဆန်မှုပေါ်မှာ တည်ဆောက်ထားတဲ့ "လုံခြုံစိတ်ချရပြီး ခိုလှုံရာနေရာတစ်ခု" အဖြစ် သူ မြင်ပါတယ်။


၂၀၁၄ ခုနှစ် iHeartRadio ဂီတပွဲတော်မှာ Macklemore မက်ကယ်မို နှင့်အတူ ဖျော်ဖြေခဲ့တဲ့ Ed Sheeran
၂၀၁၄ ခုနှစ် iHeartRadio ဂီတပွဲတော်မှာ Macklemore မက်ကယ်မို နှင့်အတူ ဖျော်ဖြေခဲ့တဲ့ Ed Sheeran

ဒါပေမဲ့ ဒီတစ်ပတ်မှာတော့ အဲဒီ အကြောင်းပြချက်ကြီး ပျက်ပြားသွားခဲ့ပြီး သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ အနုပညာသက်တမ်းအတွက် အကျပ်အတည်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းကို အခုဆိုရင် လူတိုင်း သိလောက်ပါပြီ။ မက်ကယ်မိုး (Macklemore) ဟာ ရှီးရန်ရဲ့ အမေရိကန် ဖျော်ဖြေပွဲခရီးစဉ်မှာ အဖွင့်ဖျော်ဖြေသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ ပထမဆုံး ညမှာတင် "ပါလက် စတိုင်း လွတ်မြောက်ပါစေ " (Free Palestine) လို့ ဟောပြောခဲ့ပြီး ဂါဇာက ပျက်စီးဆုံးပါးမှု ပုံရိပ်တွေကို ပြသခဲ့ပါတယ်။


နောက်တစ်နေ့ညမှာတော့ သူက သေဆုံးသူအရေအတွက် ကို လူမျိုးတုံးသတ်ဖြတ်မှု (genocide) လို့ ရည်ညွှန်းပြောဆိုခဲ့ပြီး၊ ဒီပြောဆိုချက်ကိုတော့ အစ္စရေးဘက်က ငြင်းပယ်ထားပါတယ်။

 

အဲဒီနောက်မှာတော့ သူဟာ ပြစ်တင်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး StopAntiseminism အဖွဲ့က ဆိုရင် မက်ကယ်မိုးဟာ ပရိသတ်တွေကို "ချုံခိုတိုက်ခိုက်ခဲ့တယ်" လို့ စွပ်စွဲခဲ့ပါတယ်။ New England Patriots အသင်းရဲ့ ဘီလီယံနာ ပိုင်ရှင် ရိုဘတ် ခရပ်ဖ် (Robert Kraft) ဦးဆောင်တယ်လို့ ယူဆရတဲ့ အားကစားကွင်း ပိုင်ရှင်တွေက ရှီးရန်နဲ့ ဖျော်ဖြေပွဲ စီစဉ်သူတွေကို ဖိအားပေးပြီး သူ့ကို (မက်ကယ်မိုး) ကို ဖျော်ဖြေပွဲကနေ ဖြုတ်ချခိုင်းခဲ့ကြပါတယ်။


ကွယ်ရာမှာ တစ်ပတ်နီးပါး ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက်မှာတော့ သူတို့ အလိုရှိတာ ဖြစ်လာခဲ့ ပါတော့တယ်။


အင်္ဂါနေ့မှာတော့ ရှီးရန်က ဒီဆုံးဖြတ်ချက်ဟာ သူလုပ်တာမဟုတ်ဘဲ ဖျော်ဖြေပွဲ စီစဉ်သူတွေ လုပ်တာဖြစ်ကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။အဖွဲ့တွေကြားမှာ ပြေ လည်အောင် သူ ကြိုးစားညှိနှိုင်းပေးခဲ့ပေမဲ့ အချည်းနှီးဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ သူဟာ "ပူးပေါင်းပါဝင်သူ မဟုတ်ဘူး" လို့ ပြောခဲ့ပြီး အရှေ့အလယ်ပိုင်း အငြင်းပွားမှုနဲ့ပတ်သက်လို့ လူအများရှေ့မှာ တိတ်ဆိတ်နေတာဟာ "ဂရုမစိုက်လို့ မဟုတ်ဘူး" ဆိုတဲ့ အကြောင်းပြချက်ကို ပေးခဲ့ပါတယ်။


"အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခကို ကျွန်တော် အလွန်အမင်း တုန်လှုပ်မိပါတယ်" လို့ သူက ရေးသားခဲ့ပါတယ်။ "နှစ်ဖက်စလုံးမှာ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခနဲ့ နာကျင်မှုတွေဟာ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တစ်ခုပါပဲ။ ဒီကမ္ဘာပေါ်မှာ ဖော်မပြနိုင်တဲ့ နာကျင်မှုတွေကို ဖြစ်စေတဲ့ စစ်ပွဲတွေ အလွန်များပြားနေပြီး ဘယ်စစ်ပွဲကိုမှ ခွင့်မပြုသင့်ပါဘူး" လို့ ဆိုပါတယ်။


သူက ဆက်လက်ပြီး "ကျွန်တော့် အသက်မွေးဝမ်းကြောင်းအလုပ် professional platform ကို နိုင်ငံရေးအတွက် မသုံးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော့်ရဲ့ ပရိသတ်တွေထဲမှာ နောက်ခံအ မျိုးမျိုးက လာကြတဲ့ လူငယ်တွေ၊ အထူးသဖြင့် ကလေးငယ်တွေ ပါဝင်နေလို့ပါပဲ" လို့ ပြော ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီထုတ်ပြန်ချက်ကတော့ ဘာမှ ရိုက်ခတ်မှုမရှိဘဲ တိတ်ဆိတ် သွားခဲ့ပါတယ်။


အကယ်၍ ရှီးရန်က ကလေးတွေကို အဲဒီလောက်တောင် ဂရုစိုက်တယ်ဆိုရင် ဂါဇာမှာ သေ ဆုံးခဲ့ရတဲ့ ကလေးငယ် သောင်းနဲ့ချီတဲ့အကြောင်းကို ဘာလို့ တစ်ခွန်းမှ မပြောတာလဲလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။


တခြားသူတွေကလည်း သူ့ရဲ့ နိုင်ငံရေးနဲ့ ကင်းကင်းနေမှုဟာ အကြွင်းမဲ့မဟုတ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်က ဂရင်းဖဲလ်တာဝါ မီးလောင်ကျွမ်းမှုအပြီးမှာ ဝမ်ဘလေ အားကစားကွင်းမှာ "justice for Grenfell" ဆိုတဲ့ စာသားပါတဲ့ တီရှပ်ကို ဝတ်ဆင်ခဲ့ဖူးသလို၊ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းအတွက် ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့ပြီး၊ ဒီနှစ်အစောပိုင်းကလည်း U2 နဲ့အတူ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်တဲ့ တေးသီချင်းတစ်ပုဒ်ကို record အသံသွင်းခဲ့ဖူးပါတယ်။


ရှီရန်ဟာ  သီချင်းရိုက်ကူးနေစဉ်အတွင်း အိန္ဒိယမှာ တစ်လကြာနေထိုင်ခဲ့ပြီး သီချင်းအများစုကို ဂိုအာမှာ အသံသွင်းခဲ့ပါတယ်
ရှီရန်ဟာ သီချင်းရိုက်ကူးနေစဉ်အတွင်း အိန္ဒိယမှာ တစ်လကြာနေထိုင်ခဲ့ပြီး သီချင်းအများစုကို ဂိုအာမှာ အသံသွင်းခဲ့ပါတယ်

ဒါ့အပြင် ခရပ်ဖ် (Kraft) နဲ့ သူ့ရဲ့ ဆက်ဆံရေးအပေါ်မှာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ ရှီးရန်ဟာ ၂၀၂၂ ခုနှစ်က အဲဒီ စီးပွားရေးလုပ်ငန်းရှင်ရဲ့ မင်္ဂလာပွဲမှာ သီချင်းဆိုပေးခဲ့ပြီး၊ နောက်ပိုင်း ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ကို "အလွန်ပဲ သဘောကောင်းသူ" လို့ ခေါ်ဆိုခဲ့ဖူးပါတယ်။


ရှီးရန်ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ သူ့ရဲ့ ဖျော်ဖြေပွဲခရီးစဉ်ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရပါတော့တယ်။ ကျန်ရှိနေတဲ့ ဖျော်ဖြေပွဲတွေအတွက် အဖွင့်ဖျော် ဖြေပေးမယ့် ဖင်နီးယက်စ် (Finneas)၊ အာရွန် ရိုး (Aaron Rowe) နဲ့ လူကာစ် ဂရေဟမ် (Lukas Graham) စတဲ့ အဖွဲ့သုံးဖွဲ့စလုံးဟာ မက်ကယ်မိုးကို ထောက်ခံကြောင်းပြသရင်း နှုတ်ထွက်သွားကြပါတယ်။ Galway Girl နဲ့ Nancy Mulligan လို သီချင်းတွေအတွက် ရှီးရန်နဲ့အတူ တွဲဖက်တီးခတ်ပေးနေတဲ့ (Beoga) အဖွဲ့ကလည်း နုတ်ထွက်သွားခဲ့ပါတယ်။


သူတို့ထဲက အများစုက ဘီလီယံနာ ကွင်းပိုင်ရှင်အုပ်စုတစ်စုရဲ့ လက်ချက်နဲ့ မက်ကယ်မိုးကို ဖြုတ်ချလိုက်တာဟာ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် အေးစက်သွားစေတဲ့ သက်ရောက်မှုကို ဖြစ်စေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ဂီတလောကကရော တခြားနေရာတွေကပါ တခြားသူတွေလည်း အသံထွက်လာကြပါတယ်။ ဂျူး လူမျိုးတစ်ဦးဖြစ်တဲ့ နာမည်ကြီး ပေါ့ပ်အဆိုတော် ပင့်ခ် (Pink) က မက်ကယ်မိုးကို ဆန့်ကျင်တဲ့ မီမ် (meme) တစ်ခုကို ပြန်လည်တင်ခဲ့ပြီးနောက် ရက်ပ်ပါရဲ့ ပြောဆိုချက်တွေကို ဘာကြောင့် ဝေဖန်ရလဲဆိုတာကို ရှင်းပြတဲ့ သူ့ရဲ့ ကိုယ်ပိုင်သတင်းစကားကိုပါ တင်ခဲ့ပါတယ်။


အခုအခါမှာတော့ ရှီးရန်ဟာ သူ့ဆန္ဒမပါဘဲနဲ့ ကမ္ဘာပေါ်မှာ အကွဲပြားဆုံး အပြင်းထန်ဆုံး ကိစ္စရပ်တစ် ခုနဲ့ပတ်သက်တဲ့ နိုင်ငံရေး မုန်တိုင်းကြီးရဲ့ အလယ်ဗဟိုမှာ ရောက်ရှိနေပါပြီ။ ဒီအငြင်းပွားမှုကြီး ပေါက်ကွဲလာတဲ့အခါ ရှီးရန်အနေနဲ့ ဒီထက် ပိုကောင်းအောင် ကိုင်တွယ်နိုင်ပါ့မလား ဆိုတဲ့မေးခွန်းလဲ ရှိလာပါတယ်။

သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပရိသတ်တွေနဲ့ သူ့ဖျော်ဖြေပွဲကို မှီခိုပြီး အသက်ရှင်နေကြရတဲ့ ဝန်ထမ်း တွေကို စိတ်ပျက်မသွားစေချင်လို့ ဖျော်ဖြေပွဲကို ဆက်လုပ်ချင်တယ်လို့ သူက ဖော်ပြခဲ့ပါတယ်။

 

အကယ်၍သာ သူက ဖျော်ဖြေပွဲတွေကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့မယ်ဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ဆန္ဒပြမှုတစ်ခုအနေနဲ့ ပုံဖော်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ခဲ့ရင်တောင် မက်ကယ်မိုးရဲ့ ပြောဆိုချက်တွေကို ထောက်ခံအားပေးရာ ရောက်တယ်လို့ မလွှဲမရှောင်သာ အဓိပ္ပာယ်ကောက်ယူခံရမှာ ဖြစ်ပါတယ်။


ဒါကြောင့် ရှီးရန်ဟာ လမ်းစပျောက်နေတဲ့ ရုန်းထွက်လို့မရတဲ့ အခြေအနေဆိုး (Catch 22) ထဲကို ရောက်သွားခဲ့တာဖြစ်ပြီး ဘယ်ဘက်ကိုသွားသွား အပြစ်တင်ခံရမယ့် အနေအထား ဖြစ်နေပါတယ်။

သူ့ရဲ့ လူကောင်းပုံရိပ်ဟာ အကြီးအကျယ် ထိခိုက်သွားခဲ့ပြီး၊ သူ့ထုတ်ပြန်ချက်ထဲက "ငါ့တာဝန် မဟုတ်ဘူး" ဆိုတဲ့ လေသံကလည်း လုံးဝ အထောက်အကူမဖြစ်စေခဲ့ပါဘူး။


Variety မဂ္ဂဇင်းရဲ့  ဂီတအယ်ဒီတာ Jem Aswad ကတော့ ဒီအဖြစ်အပျက်က "ဒီကိစ္စမှာ ဘယ်လိုမှ ကြားနေလို့ မရဘူး" ဆိုတာကို ပြသနေကြောင်း ပြောပါတယ်။ ဒါပေမဲ့လည်း လူအများစုဟာ ဂါဇာလို ကိစ္စတွေကို သတိရနေဖို့အတွက် ရှီးရန်ရဲ့ ဖျော်ဖြေပွဲတွေဆီ သွားကြတာမဟုတ်ဘဲ "အဲဒီအကြောင်းတွေ ခေတ္တမေ့ထားပြီး ဖျော်ဖြေမှုကို ခံစားဖို့ သွားကြတာပါ" လို့ သူက ထောက်ပြပါတယ်။


ဒီအငြင်းပွားမှုဟာ ရှီးရန်ရဲ့ ဂီတသက်တမ်းကို ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု ဖြစ်စေမယ်လို့ မထင်ကြောင်း၊ ဝေဖန်မှု အများစုဟာ "အက်ဒ်ရှီးရန်ရဲ့ ပရိသတ်တွေဆီကနေ လာနေတာ မဟုတ်ဘူး" လို့ အာစဝက် (Aswad) က ဆိုပါတယ်။

"ဒီအခြေအနေမှာ သူပြုမူခဲ့တဲ့ ပုံစံကို ကန့်ကွက်ကြတဲ့သူတွေဆီက လာတာဖြစ်ပြီး၊ အဲဒီလူတွေ ထဲက အများစုဟာ အက်ဒ်ရှီးရန်ရဲ့ စစ်မှန်တဲ့ ပရိသတ်တွေ ဟုတ်မဟုတ်ဆိုတာကို ကျွန်တော် သံသယရှိပါတယ်။"


စနေနေ့မှာ ဖီလာဒဲလ်ဖီးယား (Philadelphia) မှာ လုပ်မယ့် သူ့ရဲ့ နောက်ထပ် ဖျော်ဖြေပွဲမှာ ဘယ်လို ဖြစ်မလဲဆိုတာကို ကျွန်တော်တို့ သိရပါတော့မယ်။ အသံထွက် ကန့်ကွက်မယ့်သူတွေ ရှိကောင်းရှိ နိုင်ပေမဲ့ တချို့ကတော့ ဂီတကို လာရောက်ခံစားကြဖို့ချည်း သက်သက် ရောက်လာကြမှာပါ။သူ့ရဲ့ နောက်ခံ တီးဝိုင်းအဖွဲ့ ဆုံးရှုံးသွားတာကလည်း ထင်ထားသလောက် ကြီးမားတဲ့ ဘေးဒုက္ခ တစ်ခုတော့ မဟုတ်ပါဘူး။


ယခင် ဖျော်ဖြေပွဲတွေတုန်းကလည်း ရှီးရန်ဟာ စင်ပေါ်မှာ တစ်ယောက်တည်း ရှိနေခဲ့တာဖြစ်ပြီး အခြား ဂီတပညာရှင်တွေကို အားမကိုးဘဲ loop pedal ကို သုံးပြီး သူ့ဘာသာသူ အဖော်ပြု ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဒီဇင်ဘာလမှာ မက္ကဆီကိုနိုင်ငံမှာ ဖျော်ဖြေပွဲတွေ ပြီးဆုံးသွားပြီဆိုရင်တော့ သူ့ရဲ့ နောက်ခြေလှမ်းတွေကို သေချာ ဂရုတစိုက် စီစဉ်ရတော့မှာ ဖြစ်ပါတယ်။ဒါဟာ မတည်မငြိမ် ဖြစ်နေတဲ့ ဒီခေတ်ကြီးထဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အရာတစ်ခု ဖြစ်နေတာကို ပြသနေတာပါပဲ။


ခရက်ဒစ် - BBC

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page