top of page

မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ သမိုင်းဝင် လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်ကနေ ကျယ်ပြန့်တဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာနိုင်

Writer: BVJ
BVJ
5 hours ago
4 min read
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဥက္ကဋ္ဌက စီရင်ချက် ဖတ်ကြားချမှတ်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုမှ ရိုဟင်ဂျာ ဒုက္ခသည်များ ဝမ်းသာအားရ အောင်ပွဲခံနေကြစဉ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဥက္ကဋ္ဌက စီရင်ချက် ဖတ်ကြားချမှတ်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုမှ ရိုဟင်ဂျာ ဒုက္ခသည်များ ဝမ်းသာအားရ အောင်ပွဲခံနေကြစဉ်။

အေတီ/BVJ

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ လူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စီရင်ချက်ဟာ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ် (Genocide Convention) ကို ချိုးဖောက်ကြောင်း တွေ့ရှိရတဲ့ ပထမဆုံးနိုင်ငံအဖြစ် သမိုင်းမှာ အမည်းစက် စွန်းထင်းသွားပြီ ဖြစ်ပါတယ်။


ရိုဟင်ဂျာတွေဟာ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ တရားမျှတမှုကို ရရှိလာတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့စစ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ အနည်းဆုံး ၁၀,၀၀၀ လောက် အသတ်ခံခဲ့ရပါတယ်။


၂၀၁၇ ခုနှစ်ရဲ့ ဆိုးရွားလှတဲ့ အဖြစ်အပျက်တွေကနေ ထွက်ပြေးလာပြီးနောက်ပိုင်း ဒုက္ခသည် တစ်သန်းကျော် နေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကြီးတွေထဲမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) စီရင်ချက် ဖတ်ကြားတာကို ကြည့်ရှုဖို့ လူအုပ်ကြီးတွေ စုဝေးခဲ့ကြပါတယ်။


တရားသူကြီး အီဝါဆာဝါဟာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ကျောထောက်နောက်ခံနဲ့ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့ချိန်ကစလို့ တရားရုံးက ကြားနာခဲ့ရတဲ့ သက်သေအထောက် အထား တချို့ကို ပြန်လည်ပြောပြခဲ့ပါတယ်။ အဲဒီထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ကျေးရွာတွေကို ဖျက်ဆီးမှုတွေအပြင် တစ်ခါတစ်ရံမှာ ရိုဟင်ဂျာ ရွာသားတွေကို သူတို့ရဲ့ နေအိမ်တွေထဲမှာပဲ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာတွေကို ဖော်ပြထားပါတယ်။


အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ မဲအရေအတွက် ၉ မဲ၊ ၆ မဲနဲ့ အများစု ဆုံးဖြတ်လိုက်တဲ့ ဒီစီရင်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် (Genocidal Intent) ကို သက်သေပြဖို့ လိုအပ်တဲ့ အထောက်အထား စံနှုန်းတွေကို ပြန်လည်အတည်ပြု ရှင်းလင်းပေးလိုက်တာ ဖြစ်တဲ့အတွက် တရားရုံးမှာ လက်ရှိ ကြားနာနေတဲ့ တခြား လူမျိုးတုံးသတ်ဖြတ်မှု အမှုတွေအပေါ်မှာလည်း ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။


အဲဒီအမှုတွေထဲမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရာမှာ အစ္စရေးဟာ ဂါဇာဒေသက ပါလက်စတိုင်း ပြည်သူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး တောင်အာဖရိကနိုင်ငံက စွဲဆိုထားတဲ့ အမှုလည်း ပါဝင်ပါတယ်။ အစ္စရေးဘက်ကတော့ ဒီစွပ်စွဲချက်ကို အကြိမ်ကြိမ် အပြင်းအထန် ငြင်းဆိုထားပါတယ်။


တရားရုံးရဲ့ အခု သမိုင်းဝင် ဆုံးဖြတ်ချက်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ အာဏာကို ဘယ်လို ကျင့်သုံးရမလဲဆိုတာ ထိန်းချုပ်ဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေအပေါ် ယုံကြည်သူတွေကိုလည်း အားတက်စေခဲ့ပါတယ်။ ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ဟာ နာဇီတွေ မရှုံးနိမ့်ခင် နှစ်တွေတုန်းက ဖြစ်ပွားခဲ့တဲ့ အထိန်းအကွပ်မဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ စစ်ပွဲတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ တစ်ကျော့ပြန် မဖြစ်ပွားစေဖို့ ကုလသမဂ္ဂကို ဗဟိုပြု တည်ဆောက်ခဲ့တဲ့ စနစ်ကြီးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။


နိုင်ငံတကာ တရားရုံးတစ်ခုက နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်တာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
နိုင်ငံတကာ တရားရုံးတစ်ခုက နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်တာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် နောက်ပိုင်း ချမှတ်ခဲ့တဲ့ စည်းမျဉ်းဥပဒေတွေနဲ့ သဘောတူညီချက်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လက်ထက်မှာ မကြုံစဖူး ဖိအားပေးခံနေရပါတယ်။ တရုတ်နိုင်ငံမှာ အဲ့ဒီခေါင်းဆောင် သုံးယောက် ထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ နေ့မှာပဲ ICJ က နိုင်ငံတကာ ဥပဒေဆိုတာ ရှိနေသေးကြောင်းနဲ့ အရပ်သားတွေအပေါ် အင်အားသုံး တိုက်ခိုက်မှုတွေမှာ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်ကြောင်း သတိပေးချက် တစ်ရပ်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံတော်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်ဆိုတဲ့ အရေးကြီးဆုံး အချက်ကို ဂမ်ဘီယာနိုင်ငံက ဘယ်လို သက်သေပြသွားခဲ့သလဲ ဆိုတာကို ရှေ့နေတွေက လေ့လာကြပါလိမ့်မယ်။ ICJ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုတစ်ခုကို စစ်ဆေးတဲ့အခါ "ရည်ရွယ်ချက် (Intent)" ကို သက်သေပြရတာဟာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတာကို ပြသရုံနဲ့ မလုံလောက်ပါဘူး။


ဥရောပ ဂျူးလူမျိုးတွေအပေါ် နာဇီတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (Holocaust) အပြီး ကုလသမဂ္ဂက အတည်ပြုခဲ့တဲ့ Genocide Convention ရဲ့ အဓိက စကားရပ်မှာ ဒီရာဇဝတ်မှုကို "နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး အုပ်စုတစ်စုကို တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သော လုပ်ရပ်များ" လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။


ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်းအဓမ္မ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်းအဓမ္မ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး နှစ်တွေမှာ Holocaust ဘေးက လွတ်မြောက်လာတဲ့ ဂျူးလူမျိုး ရာဖေးလ် လမ်ကင် (Raphael Lemkin) ဦးဆောင်ပြီး ဒီစာချုပ်ကို ရေးဆွဲခဲ့သူတွေဟာ သက်သေပြရမယ့် စံနှုန်းကို တမင်တကာ မြင့်မြင့်မားမား သတ်မှတ်ခဲ့ကြတာပါ။ ဒါကြောင့်လည်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ က စီရင်ချက်ချဖို့ အခုလို အချိန်အကြာကြီး ယူခဲ့ရတာ ဖြစ်ပါတယ်။


ရှေ့နေတွေနဲ့ စုံစမ်းစစ်ဆေးသူတွေအတွက် စိတ်ကူးထဲက အကောင်းဆုံး အခြေအနေဆိုရင် အစိုးရ စာရွက်စာတမ်းတွေနဲ့ စစ်တပ်ရဲ့ အမိန့်စာတွေကနေ သက်သေအထောက်အထားတွေ စုဆောင်းနိုင်မှာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒါတွေကို ရဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိနေတဲ့ အစိုးရတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို လူသိရှင်ကြား ထုတ်ပြန်လေ့ မရှိပါဘူး။ ဒီအစား တရားရုံးဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့စစ်တွေက ရိုဟင်ဂျာ ပြည်သူတွေအပေါ် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကနေတစ်ဆင့် လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ရှိခဲ့ကြောင်း ကောက်ချက်ချ သက်သေယူခဲ့တာ ဖြစ်ပါတယ်။


အောက်စဖို့ဒ် တက္ကသိုလ်၊ Blavatnik အစိုးရရေးရာကျောင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဆိုင်ရာ ပါမောက္ခ ဂျနီနာ ဒေးလ် (Janina Dill) ရဲ့ အဆိုအရ "လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ကို လုပ်ဆောင်ပုံ ပုံစံအစဉ်အလာ (Pattern of conduct) ကနေ ကောက်ချက်ချနိုင်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ရာမှာ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတဲ့ ရည်မှန်းချက် တစ်ခုတည်းသာ ရှိရမယ်လို့ မဆိုလိုပါဘူး။ တကယ်လို့ အဲဒီလိုသာ ဖြစ်ခဲ့ရင် အဲဒီလုပ်ရပ်တွေဟာ သောင်းကျန်းမှု နှိမ်နင်းရေး၊ အပြစ်ပေးရေး ဒါမှမဟုတ် နေရာရွှေ့ပြောင်းရေး စတဲ့ တခြားရည်မှန်းချက်တွေကြောင့် ဖြစ်တယ်လို့ ပြသလိုက်ရုံနဲ့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ငြင်းပယ်နိုင်သွားပါလိမ့်မယ်" လို့ ဆိုပါတယ်။


"ဒါတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်တွေ ဖြစ်ပေမယ့်၊ ရရှိထားတဲ့ သက်သေအထောက်အထား အားလုံးကို ခြုံငုံကြည့်လိုက်ရင် လူမျိုးတုံးသတ်ဖြတ်မှုဟာ ရည်မှန်းချက် တစ်ခု မဟုတ်ခဲ့ပါဘူးလို့ ဘယ်လိုမှ ရှင်းပြလို့ မရနိုင်ဘူးဆိုတာကို တရားရုံးက အင်မတန် ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" လို့ သူမက ပြောပါတယ်။ တစ်နည်းအားဖြင့် ဆိုရရင် နိုင်ငံတစ်နိုင်ငံဟာ တိုက်ခိုက်ခံရလို့ မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့ အနေနဲ့ တပ်ဖွဲ့တွေကို ထိုးစစ်ဆင်ဖို့ အမိန့်ပေးခဲ့ရင်တောင်မှ၊ သူတို့ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေ အားလုံးကို ပေါင်းစပ်လိုက်တဲ့အခါ လူမျိုးတုံးသတ်ဖြတ်မှု မြောက်သွားနိုင်ပါတယ်။


၂၀၂၆ခုနှစ် နိုဝင်ဘာ၁၉ရက်နေ့က မြန်မာနိုင်ငံအပေါ်စွပ်ဆွဲထားတဲ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကို ICJ တရားရုံးမှာ အပြီးသတ်အမိန့် ချမှတ်နေစဥ်
၂၀၂၆ခုနှစ် နိုဝင်ဘာ၁၉ရက်နေ့က မြန်မာနိုင်ငံအပေါ်စွပ်ဆွဲထားတဲ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကို ICJ တရားရုံးမှာ အပြီးသတ်အမိန့် ချမှတ်နေစဥ်

တရားသူကြီးတွေက အမှုတစ်ခုချင်းစီကို သူ့အချက်အလက်နဲ့သူ သီးခြားစီ စဉ်းစားရမှာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုပုံအပေါ် သက်ရောက်မှု ရှိတာကြောင့် မြန်မာ့အရေး အမှုဟာ ICJ မှာ ကြားနာနေတဲ့ တခြား လူမျိုးတုံးသတ်ဖြတ်မှု အမှုတွေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အထင်ရှားဆုံး အမှုကတော့ ဂါဇာဒေသက ပါလက်စတိုင်းတွေအပေါ် သတ်ဖြတ်ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး အစ္စရေးကို တောင်အာဖရိကနိုင်ငံက တရားစွဲဆိုထားတဲ့ အမှု ဖြစ်ပါတယ်။


ဂမ်ဘီယာနိုင်ငံရဲ့ ဥပဒေအဖွဲ့မှာ ပါဝင်တဲ့ ဗြိတိန် ဝတ်လုံတော်ရ ဖိလစ် ဆန်းစ် (Philippe Sands KC) ဟာ စီရင်ချက်ကို ကြားနာဖို့ သည်ဟိတ်ဂ်မြို့က ICJ တရားခွင်ထဲမှာ ရှိနေခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလတုန်းက ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆို လျှောက်လဲနေချိန်မှာ ဂါဇာအရေးဟာ "အားလုံး သိနေပေမဲ့ ထုတ်မပြောကြတဲ့ အဓိက ကိစ္စကြီး (The elephant in the room)" ဖြစ်နေခဲ့ပြီး၊ ဒီအမှုအပေါ် တရားရုံးရဲ့ ချဉ်းကပ်ပုံဟာ နောက်လာမယ့် အမှုအပေါ် သက်ရောက်မှု ရှိလိမ့်မယ်ဆိုတာ လူတိုင်း သိနေကြတယ်လို့ ဆန်းစ်က BBC ရဲ့ World at One အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ စီရင်ချက်မှာ ICJ တရားသူကြီးတွေ ကျင့်သုံးခဲ့တဲ့ ချဉ်းကပ်ပုံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို သက်သေပြဖို့ လိုအပ်တဲ့ အထောက်အထား စံနှုန်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သူက BBC ကို ပြောပါတယ်။

"တကယ်လို့ ဂမ်ဘီယာသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် တောင်အာဖရိကရဲ့ အမှုဟာလည်း တကယ်တမ်းတော့ ပြီးဆုံးသွားပြီလို့ ဆိုရမှာပါ။ ဒါပေမဲ့ အခု ဂမ်ဘီယာ အနိုင်ရသွားပြီ ဖြစ်တဲ့အတွက် တောင်အာဖရိကအတွက် တံခါးဆက်ပွင့်နေပါပြီ။ ဒါဟာ တောင်အာဖရိက အနိုင်ရမယ်လို့ ဆိုလိုတာ မဟုတ်သလို၊ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ရှိခဲ့တယ်လို့ ICJ က ဆုံးဖြတ်လိမ့်မယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ သက်သေပြရမယ့် စံနှုန်းကို အလွန်ရှင်းလင်းစွာ သတ်မှတ်လိုက်ပြီ ဖြစ်တဲ့အတွက် နောက်လာမယ့် အမှုနဲ့ တခြားအမှုတွေက ပါဝင်ပတ်သက်သူတွေ အနေနဲ့ အဲဒီစံနှုန်းတွေနဲ့ ကိုက်ညီအောင် သက်သေပြဖို့ပဲ ရှိပါတော့တယ်" လို့ သူက ရှင်းပြပါတယ်။


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဝမ်းသာပီတိနဲ့ စိတ်သက်သာရာ ရမှုတွေဟာ ဆယ်စုနှစ်တစ်ခု နီးပါးကြာအောင် သူတို့ အောင့်အည်း သည်းခံနေခဲ့ရတဲ့ ဆင်းရဲဒုက္ခများပြီး အန္တရာယ်များလှတဲ့ နေထိုင်မှု အခြေအနေတွေကို ချက်ချင်း တိုးတက်ကောင်းမွန်လာစေမှာတော့ မဟုတ်ပါဘူး။ တရားရုံးမှာ သူ့ရဲ့ စီရင်ချက်တွေကို အတင်းအကျပ် အကောင်အထည်ဖော်မယ့် ယန္တရား မရှိပေမယ့်၊ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို လျော်ကြေးပေးဖို့ ညွှန်ကြားထားပါတယ်။ ဒါဟာ လွယ်ကူမှာ မဟုတ်ပါဘူး။ ကျေးရွာပေါင်း ရာနဲ့ချီ မြေလှန်ဖျက်ဆီးခံထားရပြီး မြန်မာအစိုးရဘက်ကလည်း တရားရုံးရဲ့ စီရင်ချက်ကို အသာတကြည် လက်ခံဖွယ် မရှိပါဘူး။


ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး သံတမန်ရေးရာ တာဝန်ခံ (Pen holder) ဖြစ်တဲ့ ဗြိတိန်နိုင်ငံကတော့ "ဒီလို စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု ရှိလာစေဖို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ ဒီလို ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူ မခံရဘဲ ကျူးလွန်လို့ မရဘူးဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားကို တရားရုံး စီရင်ချက်ကနေ ပေးပို့နိုင်အောင် လုပ်ဆောင်ရမယ်" လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန်ဟာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုထားသလို၊ လန်ဒန်မြို့က မြန်မာစစ်သံမှူးကိုလည်း နှင်ထုတ်နေပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ နောက်ထပ် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။


ဒါပေမဲ့ ကုလသမဂ္ဂမှာ ကြီးကြီးမားမား လုပ်နိုင်ဖို့ကတော့ သိပ်မလွယ်လှပါဘူး။ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ ဆုံးဖြတ်ချက် တစ်ရပ်ရပ် ချမှတ်ဖို့ ကြိုးပမ်းလာရင် တရုတ် ဒါမှမဟုတ် ရုရှား၊ ဒါမှမဟုတ် နှစ်နိုင်ငံစလုံးက ဗီတိုအာဏာသုံး ပယ်ချနိုင်ခြေ ရှိနေပါတယ်။


ဒီအမှုနဲ့ ပတ်သက်ပြီး ထရမ့် အစိုးရအဖွဲ့ဘက်ကလည်း မကျေနပ်သံ တချို့ ထွက်ပေါ်နေပါတယ်။ အရင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက်တုန်းကတော့ ICJ ရဲ့ စီရင်ချက်ကို မစောင့်ဘဲ ၂၀၂၂ ခုနှစ်မှာကတည်းက မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ ပြည်သူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ် ဝေါ့ဇ် (Mike Waltz) ကတော့ "လူမျိုးတုံးသတ်ဖြတ်မှုကို သက်သေပြရမယ့် ဥပဒေ စံနှုန်းကို လျှော့မချဖို့" ပြီးခဲ့တဲ့ လက တရားရုံးကို သတိပေးခဲ့ပါတယ်။


ဝေါ့ဇ်ကတော့ သူဟာ "အမေရိကန်နဲ့ မဟာမိတ် စစ်သည်တွေ" ကို ကာကွယ်ဖို့အတွက် အခုလို ပြောဆိုရတာ ဖြစ်တယ်လို့ ဆိုပေမယ့်၊ သူ့ရဲ့ ပြောဆိုချက်ဟာ ICJ မှာ အစ္စရေးရဲ့ ခုခံချေပမှုကို ထောက်ခံပေးတာ ဖြစ်တယ်လို့ အများစုက ရှုမြင်ကြပါတယ်။ သူဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ "လက်ဝဲယိမ်း၊ ကမ္ဘာလုံးဆိုင်ရာ ဂျူးမုန်းတီးရေး အစီအစဉ်" လို့ သူခေါ်ဆိုတဲ့ အရာကို ရှုတ်ချခဲ့ပြီး၊ မြန်မာ့အရေး အမှုမှာ တရားသူကြီး တစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ ဒီနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နာဗီ ပီလေး (Navi Pillay) ကို နာမည်တပ် ဝေဖန်ခဲ့ပါတယ်။ ပီလေးဟာ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေအပေါ် အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း လွန်ခဲ့တဲ့ တစ်နှစ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။


၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ မီးရှို့ခံရတဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်တအိမ်ကို တွေ့ရစဥ်
၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ မီးရှို့ခံရတဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်တအိမ်ကို တွေ့ရစဥ်

ဒါပေမဲ့ ထရမ့် အစိုးရဘက်က ဘယ်လို ခြိမ်းခြောက်မှုတွေပဲ လာနေပါစေ၊ ရိုဟင်ဂျာ ပြည်သူတွေကို တရားမျှတမှု ပေးအပ်လိုက်ခြင်းအားဖြင့် ဂါဇာဒေသက အစ္စရေးရဲ့ လုပ်ရပ်တွေ၊ ICJ က တောင်အာဖရိကရဲ့ အမှုနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက်ပိုင်းမှာတောင် အစ္စရေးကြောင့် လူပေါင်း ၁,၄၀၀ ကျော် ထပ်မံ သေဆုံးခဲ့ရတဲ့ ဂါဇာ အပျက်အစီးပုံတွေကြားက ပါလက်စတိုင်းတွေရဲ့ ဆက်လက် ကြုံတွေ့နေရတဲ့ ဒုက္ခဆင်းရဲတွေအပေါ် လူအများရဲ့ အာရုံစိုက်မှု ပြန်လည် ရောက်ရှိလာမှာကတော့ သေချာနေပါတယ်။


မြန်မာ့အရေး အမှုကို အစ္စရေးအပေါ် စွဲဆိုထားတဲ့ အမှုအတွက် အစမ်းလေ့ကျင့်မှု (Dress rehearsal) တစ်ခုလို ရှုမြင်မယ်ဆိုရင် မှားယွင်းလိမ့်မယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။ အောက်စဖို့ဒ် တက္ကသိုလ်က ဂျနီနာ ဒေးလ်ကလည်း "အဲဒီလို မြင်လိုက်မယ်ဆိုရင် ကျွန်မတို့ အဓိက အာရုံစိုက်သင့်တဲ့ ရိုဟင်ဂျာတွေအပေါ် အာရုံလွဲသွားစေနိုင်ပါတယ်။ သူတို့ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအတွက် တရားစွဲဆိုမှုဟာ ကမ္ဘာကြီးက ပိုပြီး အာရုံစိုက်ဖို့ ရွေးချယ်ထားတဲ့ တခြား ပဋိပက္ခတစ်ခုအတွက် စမ်းသပ်မှု တစ်ခု မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။


ဂျရမီ ဘိုဝင် (Jeremy Bowen) ဘီဘီစီ နိုင်ငံတကာရေးရာ အယ်ဒီတာ ရဲ့ သတင်းဆောင်းပါး ကို ဆီလျော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page