နိုင်ငံတကာနဲ့ ပြည်တွင်းခရိုနီတွေ ငလျင်အတွက်လှူဒါန်းတဲ့ဒေါ်လာ ၅၅.၈ မီလီယံဟာ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ JFM ပြော
- BVJ
- Apr 24
- 1 min read
BVJ/Moore_ဧပြီ ၁၂ ၊ ၂၀၂၅

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်အပြီး နိုင်ငံတကာအလှူရှင်တွေနဲ့ ပြည်တွင်းခရိုနီတွေက ထောက်ပံ့လှူဒါန်းခဲ့တဲ့ အလှူငွေဟာ အမေရိကန်ဒေါ်လာ ၅၅.၈ မီလီယံဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်ဖို့ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ဧပြီ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
မတ်လ ၂၈ ရက်က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်အပြီး စစ်ကောင်စီက ပြည်တွင်းနဲ့ နိုင်ငံတကာကို ငလျင်ကယ်ဆယ်ရေး အကူအညီတောင်းခံပြီး အလှူငွေများလည်း ထောက်ပံ့ဖို့ တောင်းခံခဲ့ပါတယ်။
ငလျင်ဘေးဒဏ်သင့်ဒေသတွေက ပြည်သူတွေကို ကူညီထောက်ပံ့ဖို့နဲ့ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအလှူရှင်တွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့လမ်းကြောင်းတွေကနေတဆင့် အလှူငွေတွေ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအလှူရှင်တွေထဲမှာ စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ဂျပန်ကုမ္ပဏီ AEON နဲ့ တရုတ်စီးပွားရေးလုပ်ငန်းစု CITIC Group နဲ့ China National Petroleum Corporation (CNPC) တို့လည်း ပါဝင်ခဲ့ပြီး AEON က ယွမ် ၁၀ မီလီယံ (ဒေါ်လာ ၇ သိန်း) နဲ့ CNPC က ဒေါ်လာ ၅ သိန်း ထောက်ပံ့လှူဒါန်းခဲ့တာလည်း ဖြစ်တယ်လို့ JFM က ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ ခရိုနီလုပ်ငန်းရှင်တွေနဲ့ စစ်တပ်မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ငလျင်အတွက် မြန်မာငွေကျပ်သန်းပေါင်း ၁၀၄ ဘီလီယံ (ဒေါ်လာ ၄၉.၇ မီလီယံကျော်) ကို ငွေသားအနေနဲ့ စစ်ကောင်စီထံ လှူဒါန်းခဲ့သလို ငွေကျပ်သန်းပေါင်း ၁၂.၄ ဘီလီယံ (ဒေါ်လာ ၅.၈ မီလီယံ) တန်းဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း စစ်ကောင်စီထံ တိုက်ရိုက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီထံ တိုက်ရိုက်လှူဒါန်းခဲ့တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေထဲမှာ ကမ္ဘောဇဘဏ်မှ ဦးဇော်လင်းအောင်၊ ရွှေတောင်အုပ်စုမှ ဦးအောင်ဇော်နိုင်၊ အိုင်ဂျီအီးအုပ်စုမှ ဦးနေအောင်၊ မက်စ်အုပ်စုမှ ဦးဇော်ဇော်၊ စီဘီဘဏ်မှ ဦးခင်မောင်အေး၊ အောင်မြင်သူအုပ်စုမှ ဦးလှမျိုးနဲ့ စူပါဆဲဗင်းစတားအုပ်စုမှ ဦးမြင့်ဇော်သိန်းတို့လည်း ပါဝင်ခဲ့တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာနဲ့ ပြည်တွင်းအလှူရှင်တွေရဲ့ ထောက်ပံ့ငွေဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အထောက်အပံ့ဖြစ်စေခဲ့ပြီး ငလျင်စတင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ့ မနေ့ ဧပြီ ၁၁ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု စုစုပေါင်း ၁၅၀ ထက်မနည်းကို ဆက်လက်လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။
Comentarios