နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်တို့ကနေ ပြန်ဆုတ်ခွာပေးဖို့ စစ်ကောင်စီတောင်းဆိုချက် TNLA လက်မခံ
- BVJ
- May 2
- 1 min read
နှစ်ဖက်အပစ်ရပ်ရေး သြဂုတ်လတွင် ထပ်မံတွေ့ဆုံမယ်
BVJ/မိုနာ_ မေ ၂၊ ၂၀၂၅

အပစ်အခတ်ရပ်စဲရေးအတွက် အာဏာသိမ်းစစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့အဖွဲ့နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAက ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈နဲ့ ၂၉ရက်တို့မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ တအာင်းတပ်မတော်TNLAက ဒီနေ့ နေ့လယ်မှာ အသိပေးထုတ်ပြန်ပါတယ်။
တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့တွေ့ဆုံတာဖြစ်ပြီး အဲ့ဒီတွေ့ဆုံမှုမှာ ၁၀၂၇စစ်ဆင်ရေးအတွင်းမှာ TNLAသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စတဲ့ဒေသတွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းထိကို TNLAတပ်ဖွဲ့တွေအားလုံး ပြန်ဆုတ်ခွာပေးဖို့ စစ်ကောင်စီအဖွဲ့ဘက်ကနေ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် PSLF/TNLAဘက်က သဘောမတူ လက်မခံတဲ့အတွက် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုဟာ ရှေ့ဆက်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက်ဆွေးနွေးပွဲဟာလည်း ပျက်သွားခဲ့ပြီး လာမယ့် သြဂုတ်လမှာ ပြန်လည်တွေ့ဆုံဆွေးနွေးဖို့သာ သဘောတူခဲ့ကြတယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
အခုဆွေးနွေးမှုကို တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ကမကထပြု အလေးထားကြိုးပမ်းပေးတာဖြစ်ပြီး နှစ်ဖက်တွေ့ဆုံမှုတွေကနေ လေကြောင်းကနေ ဗုံးကြဲခြင်း၊ လက်နက်ကြီးတွေပစ်ခတ်ခြင်း၊ ဒရုန်းနဲ့တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးရပ်တန့်ဖို့၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ ဒေသတည်ငြိမ်အေးချမ်းဖို့နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAAလိုမျိုး တဆင့်တိုးအပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ဖို့တို့မှာ အလျင်အမြန်တိုးတက်လာစေဖို့ ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
MNDAAနဲ့ စစ်ကောင်စီအဖွဲ့တို့ကို တရုတ်ကကြားဝင်ညှိနှိုင်းပေးပြီးနောက်မှာ ၁၀၂၇စစ်ဆင်ရေးအတွင်းမှာ ကိုးကန့်တပ်ဖွဲ့MNDAA က သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီဆီကို ပြီးခဲ့တဲ့လ ၂၁ရက်နေ့က MNDAAက ပြန်လွှဲပြောင်းပေးခဲ့ရပါတယ်။
MNDAAရဲ့ ထုတ်ပြန်ချက်မှာတော့ လားရှိုးမြို့ကနေ ပြန်ဆုတ်ခွာခဲ့ရတာဟာ နိုင်ငံရေးဖိအားကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Kommentare